ကိုယ့်သားသမီးကျောင်းတက်တဲ့အခြေအနေကိုသိနိုင်မယ့် Smart Card တွေ ရန်ကုန်မှာထုတ်ပေးမယ်

0
171
ကျောင်းကား
ကျောင်းကား

ဇူလိုင်လ(၂၄)ရက်၊ ၂၀၁၉။

ရန်ကုန်မြို့ထဲက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေအတွက် စမတ်ကဒ်ကို သြဂုတ်လထဲ အပြီးထုတ်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ – YRTA က သိရပါတယ်။

အဲဒီစမတ်ကဒ်အတွက် အခုမိဘတွေဆီကို ကျောင်းသားတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ မိဘတွေရဲ့ ဖုန်းနံပတ်တွေကို တောင်းခံထားပြီးရလာရင် စမတ်ကဒ်တွေ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

“အဲဒီစမတ်ကဒ်မှာ ကျောင်းသားတွေ ကားပေါ်အတက်အဆင်းလုပ်တဲ့အခါ မိဘတွေရဲ့ ဖုန်းအပလီကေးရှင်း ထဲမှာ ဘယ်အချိန်ကားပေါ်ရောက်တယ်၊ ဘယ်အချိန်ကျောင်းရောက်တယ်ဆိုတာ ပေါ်လာမှာဖြစ်ပါတယ်။ အခုမိဘတွေကို ပေးပို့ထားတဲ့ လျှောက်လွှာအအနောက်ဘက်မှာလည်း လိုက်နာရမယ့်စည်းမျဉ်း၊ စည်းကမ်း တွေကို ဖော်ပြပေးထားပါတယ်။”လို့ YRTA အဖွဲ့ဝင် မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

အဲဒီစမတ်ကဒ်ကိုလည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆိုပြီး ခွဲခြားသွားမှာဖြစ်ပြီး ကျား၊ မဆိုပြီး အရောင်တွေကိုလည်းခွဲခြားသွားမှာဖြစ်သလို ကျောင်းသားတွေရဲ့ အချက်အလက်ကိုလည်း ထိန်းသိမ်း ပေးသွားမယ်လို့ သိရပါတယ်။

အဲဒီစမတ်ကဒ်ကို မိဘတွေပြန်ပို့ပေးလာတဲ့ အချက်အလက်ကို ထည့်သွင်းပြီး လည်ဆွဲကြိုး၊ အိတ်နဲ့တကွ ပြန်လည်ပေးပို့သွားမယ်လို့ သိရပါတယ်။

“ကဒ်ထုတ်နောက်လမကုန်ခင်အားလုံးအပြီးအစီးအသုံးပြုနိုင်အောင် လုပ်ပေးနေပါတယ်။ အပလီကေးရှင်းက အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ အခုစမ်းသပ်နေပါတယ်။”လို့ ဦးအောင်ညီညီမော်ကပြောပါတယ်။

အဲဒီကဒ်စနစ်ကိုလုပ်ဖို့ လျှောက်လွှာပေးပို့ခဲ့တဲ့ဦးရေဟာ ဇူလိုင်လ ၂၄ ရက်အထိ(၁၉၄၆)ယောက်ရှိပြီး အချက်အလက်တွေရရှိရင် ထည့်သွင်းမှာဖြစ်ပြီးတော့ အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့ရင်လည်း YRTA ရုံးကို အကြောင်းကြားနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့အထိကျောင်း(၁၂)ခုက ကျောင်းသား၊ ကျောင်းသူ ၁၃၄၆ ယောက်အတွက် ကျောင်းကား (၁၀၂)စီးကို ပြေးဆွဲပေးနေပြီး တခြားကျောင်းတွေကပါ ပြေးဆွဲပေးဖို့ လာကမ်းလှမ်းထားတာကြောင့် ပြေးဆွဲမယ့်လမ်းကြောင်းအပေါ် ညှိနှိုင်းတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အခု ကျောင်းကားပြေးဆွဲဖို့ကျန်နေတဲ့အစီးရေ(၉၀)စီးရှိနေပြီး ပုဇွန်တောင်မှာ ကျောင်းကားဝန်းကို တင်ဒါအောင်ထားတဲ့ ကုမ္ပဏီကတည်ဆောက်နေတာကြောင့် ပွင့်လင်းရာသီမှာ တည်ဆောက်ပြီးစီးရင် အင်းစိန်ကားဝန်းထဲက ကျောင်းကားတွေကို ပြောင်းရွေ့သွားမယ်လို့ သိရပါတယ်။