ကမ္ဘောဒီးယားက အသည်းယားစရာ ပင့်ကူကြော်

0
549

လူတွေရဲ့ယဉ်ကျေးမှုသမိုင်းကြောင်းမှာ အင်းဆက်ပိုးတွေ၊ ပိုးတုံးလုံးတွေ၊ အကောင်ပလောင်တွေကို စားတတ်ကြတာကို ကျွန်တော်တို့သိကြပါတယ်။ ခြေချောင်းတွေအများကြီးရှိတဲ့ အကောင်တွေကို စားတာဟာ ကျွန်တော်တို့စားနေကျ အရာပါ။ ဥပမာ ပုဇွန်တွေလိုမျိုးပေါ့။
ကမ္ဘာပေါ်ကနေရာအများကြီးမှာ ပုရစ်တွေကို စားတတ်ကြပါတယ်။ မြေကြီးထဲမှာနေတဲ့ တီကောင်တွေတောင် တန်ဖိုးရှိတဲ့ ပရိုတင်းဓါတ်တွေအမြောက်အမြားပါပါတယ်။ ဒါပေမဲ့ ပင့်ကူကကော၊ တစ်ခါတစ်လေမှာ ပင့်ကူတစ်ကောင်ကိုယ့်ပါးစပ်ထဲဝင်နိုင်တဲ့အခြေအနေရှိနိုင်ပေမဲ့ ပင့်ကူတစ်ကောင်ကို ရည်ရွယ်ချက်ရှိရှိ အရသာခံပြီး စားတာကတော့ ထူးဆန်းနေမှာပါ။

ကဲ Cambodia မှာတော့ ပင့်ကူကြော်ဆိုတာ နာမည်ကြီးပါ။ အထူးသဖြင့် Phnom Penh နဲ့ ၄၅ မိုင်အကွာလောက်မှာတည်ရှိတဲ့ Skuon ဆိုတဲ့မြို့မှာတော့ အမွှေးစုပ်ဖွားနဲ့ ပင့်ကူတွေကိုစားတတ်ကြပါတယ်။ ၂ လက္မလောက်ရှိတဲ့ ပင့်ကူတစ်ကောင်ကို စားလိုက်ရတဲ့ အရသာဟာဆိုရင် ပုဇွန်ကြော် ကြွပ်ကြွပ်ရွရွကို စားလိုက်ရသလိုပါပဲလို့ပြောကြပါတယ်။

ပင့်ကူတွေကို ဆားနည်းနည်း၊ ကြက်သွန်ဖြူထည့်ပြီး၊ ဆီနဲ့နစ်အောင်ကြော်ပြီး ဂဏန်းတွေစားသလိုမျိုးစားကြပါတယ်။ ခြေချောင်းတွေကိုဖြုတ်ပြီး ခြေချောင်းတွေမှာနည်းနည်းလေးပါတဲ့ အသားတွေကို စုပ်၊ နောက်ပြီးကိုယ်ပိုင်း၊ ခေါင်းပိုင်းကို စားကြပါတယ်။ ဝမ်းဗိုက်အပိုင်းမှာဆိုရင် အညိုရောင်အဆီတွေ၊ အသားစိုင်းသေးသေးတွေ၊ ဥတွေ၊ အင်္ဂါအစိတ်အပိုင်းတွေ၊ ပင့်ကူချေးတွေပါ ပါပါတယ်။

တစ်ခါတစ်လေမှာဆိုရင် ဝိုင်နဲ့ ပင့်ကူတွေကိုစိမ်ထားတတ်ပါတယ်။ အဲဒါတွေကိုတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအဓိက စားသုံးကြပါတယ်။ ပင့်ကူကြော်တွေကိုတော့ ဈးတွေမှာ၊ စားသောက်ဆိုင်တွေမှာ ရတတ်ပါတယ်။

Photo – AFP

ရွာသူရွာသားတွေကတော့ တောထဲသွားပြီး ပင့်ကူကိုတွေကို မြေကြီးတူးပြီးရှာဖွေကြပါတယ်။ တူးထားတဲ့တွင်းထဲကို တုပ်ချောင်းနဲ့ပင့်ကူတွေကို တို့ထိလိုက်တဲ့အခါ ပင့်ကူတွေကပြန်ကိုက်တာကြောင့် တုတ်တွေမှာ တွယ်ကပ်ပြီးပါလာတတ်ပါတယ်။ တစ်ခါတစ်လေမှာတော့ အကိုက်ခံရတယ်ဆိုရင် တစ်ပတ်လောက်ထိခံရပြီး အဖျားတွေလည်းတတ်တက်ပါတယ်။ (ရှေးအယူအရတော့ ပင့်ကူဆိပ်ကို ခံနိုင်ရည်ရှိတယ်လို့လည်းပြောကြပါတယ်)။ ရလာတဲ့ ပင့်ကူတွေကိုမကြော်ခင်အထိတော့ အရှင်ထားကြပါတယ်။

ကြော်ဖို့ပြင်ဆင်မယ်ဆိုရင်တော့ ပင့်ကူကိုရေဆေးပြီး အချိုမှုန့်လေးထည့်၊ သကြားထည့်၊ ဆားလေးထည့်ပြီးမွှေးထားပါတယ်။
ပြီးရင်တော့ ဆီပူပူထဲကို ကြက်သွန်ဖြူလေးထည့်ပြီးကြော်၊ ကြက်သွန်ကြော်အနံ့မွှေးလာတဲ့အခါမှာတော့ မွှေထားတဲ့ပင့်ကူကိုလောင်းထည့်လိုက်ပါတယ်။ ခြေချောင်းလက်ချောင်းတွေ ကြွပ်သွားတဲ့အထိကို ကြော်ရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံထုတ် Angkor ဘီယာနဲ့ မြည်းလိုက်ရရင်တော့ အလိုက်ဖက်ဆုံးပဲလို့လည်းပြောကြသလို ဘယ်ဘီယာနဲ့ဖြစ်ဖြစ်လိုက်ဖက်ညီတယ်လို့လည်း ပြောကြပါတယ်။

ကမ္ဘောဒီးယားမှာ ပင့်ကူတွေစားတဲ့အလေ့ဟာ အရင်ခေတ် “ခမာ” လူမျိုးတွေခေတ်ကတည်းက ရှိခဲ့ပါတယ်။ “ခမာ” ခေတ်မှာဆိုရင် လူတွေဟာ အစားအစာငတ်မွတ်ပြီးဆာလောင်တဲ့အခါမှာ ပင့်ကူတွေရော၊ တခြားအမျိုးမျိုးသော အကောင်ဗလောင်တွေကို တောထဲမှာရှာဖွေစားသောက်ခဲ့ကြပါတယ်။

ဒီလိုစားလာကြတဲ့အလေ့အကျင့်က အခုချိန်မှာတော့ အစားအစာရှားပါးလို့စားကြတာမဟုတ်ပေမဲ့ အရသာရှိလို့စားကြတဲ့ပုံစံအဖြစ်
ပြောင်းလာကြပါတယ်။ Skuon မြို့ကိုတချို့ခရီးသည်တွေက ပင့်ကူကြော်ကို စားချင်လို့ တကူးတက လာလည်ကြတာမျိုးလည်းရှိပါတယ်။
တကယ်လို့ အဲဒီမြို့လေးကို သွားလည်မယ်ဆိုရင်တော့ စားစမ်းကြည့်ပါဦးနော် ပင့်ကူတစ်ကောင်ကိုတော့ ရောင်းတဲ့နေရာအပေါ်မူတည်ပြီး
ဈေးနှုန်းတွေကတော့ ကွားခြားတက်ပေမဲ့ အရမ်းကြီးတော့ ဈေးမကြီးပါဘူး။

REF: culinarylore
Photo: AFP