ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး မနက်ဖြန်ထိုးပေးတော့မယ်

0
70
O Media
O Media

Photo : MRTV

ရန်ကုန်တိုင်းက ကိုဗစ်ရှီးလ်ထိုးဆေးအလုံးရေ တစ်သောင်းကျော်နဲ့ အများဆုံးရရှိ

ဇန်နဝါရီ (၂၆) ရက်၊ ၂၀၂၁။

တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေကို မနက်ဖြန် ဇန်နဝါရီလ (၂၇) ရက်ကစပြီး ကိုဗစ်ကာကွယ်ဆေး တပြိုက်တည်းထိုးနှံပေးတော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက O Media ကို ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို တိုင်းနဲ့ ပြည်နယ်အားလုံးပို့ဆောင်ပေးထားပြီး ကျန်းမာရေးဝန်ထမ်းများတဲ့ ရန်ကုန်တိုင်း ဒေသကြီးကိုတော့ ဆေးအလုံးရေ တစ်သောင်းကျော်နဲ့အများဆုံးပေးပို့ထားကာ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီး တွေကိုလည်း ဆေးအလုံးရေများများပေးပို့ထားတယ်လို့ ဆိုပါတယ်။

“ရန်ကုန်မှာ ရန်ကုန်ဆေးရုံကြီးရယ်၊ ဧရာစင်တာလိုနေရာမျိုးတွေမှာ ဆေးစထိုးမှာပါ။”လို့ ဒေါက်တာသန်းနိုင်စိုး ပြောပါတယ်။

ဆေးထိုးနှံမယ့် ကျန်းမာရေးဝန်ထမ်းစာရင်းတွေကို တိုင်းနဲ့ ပြည်နယ်ကျန်းမာရေးဦးစီးမှူးတွေက ကောက်ယူပေးပြီး တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းကို ဆေးတောင်းခံလွှာတင်ပြီးနောက် တင်ပြလာတဲ့ဆေးအရေအတွက်နဲ့ အပို ဆေးပုလင်းတွေကို ပေးပို့ထားတယ်လို့ သိရပါတယ်။

“အရမ်းကြီးမြန်စရာမလိုဘူး။ နိုင်သလောက်ကို ဖြေးဖြေးချင်းထိုးဖို့ပဲနော်။ အဓိကတော့ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းမှာ လိုက်နာရမယ့် စံလုပ်ထုံး၊ လုပ်နည်းတွေအတိုင်းပေါ့်နော်။ ညီညွတ်ဖို့ရယ်။ တစ်ဖက်က အထိုးခံရမယ်ဝန် ထမ်းက ပြန်ပြီးထိုးဖို့ရယ်၊ အဲဒီတော့ မြန်တာထက်စာရင် မှန်ဖို့လုပ်နေတယ်။”လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါ တယ်။

ကာကွယ်ဆေးထိုးပေးမယ့်လုပ်ငန်းစဉ်တွေအတွက် တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေကို အိန္ဒိယနိုင်ငံဆေးရောက်ရှိပြီးနောက်ပိုင်း သင်ကြားပေးခဲ့ပြီး ဆေးထိုးခံမယ့်သူအနေနဲ့ ဓာတ်မတည့်တာတစ်ခုခုရှိရင် ကြိုတင်ပြောဖို့လိုတယ်လို့ ဆိုပါတယ်။

“ဆေးထိုးတဲ့အခါ “စံ” ကတော့ စုရပ်မှာ ဘယ်နှစ်ယောက်ထိုးနှံပေးမလဲဆိုတဲ့ အရေအတွက်ရယ်၊ ဆေးထိုးတဲ့အခါ လုပ်ရမယ့်၊ အပ်ကအစ သန့်ရှင်းရေးတို့၊ ဆေးထိုးတဲ့သူက လေ့ကျင့်သင်ကြားတဲ့သူ၊ ဆေးထိုးတာနဲ့ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးတစ်ခုခုရှိခဲ့မယ်ဆိုရင် နာရီဝက်ထိုင်စောင့်ရမယ့်နေရာတွေပေါ့။ ဒါတွေကို သင်တန်းပေးနေပါတယ်။”လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

အိန္ဒိယနိုင်ငံက အခမဲ့ပေးပို့တဲ့ လူ (၇၅၀၀၀၀)စာ ကိုဗစ်ကာကွယ်ဆေး(၁.၅)သန်းဟာ အိန္ဒိယကနေ ရန်ကုန်ကို ဇန်နဝါရီလ(၂၂) ရက်က ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးဟာလည်း ဇန်နဝါလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်လာမယ်လို့ ခန့်မှန်းထားပြီး ပမာဏဘယ်လောက်ရောက်မယ်ဆိုတာကတော့ မသိနိုင်သေးဘူးလို့ သိရပါတယ်။