“ချစ်ခင်စ မှော်ရုံမှာလေ” ဝတ္ထုကို ရုပ်ရှင်အဖြစ်အသက်သွင်းမယ့် ဒါရိုက်တာ ဏကြီး

0
527
ဏႀကီး
ဏႀကီး

ဒါရိုက်တာ ဏကြီးဟာ စာရေးဆရာ၊ ဒါရိုက်တာ၊ အကယ်ဒမီ မောင်ဝဏ္ဏရေးသားခဲ့တဲ့ “ချစ်ခင်စ မှော်ရုံမှာလေ” ဝတ္ထုကို တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရုပ်ရှင်ဇာတ်ကားဖန်တီးရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာဏကြီးနဲ့ မေးမြန်းဖြစ်တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Q: ဦးဝဏ္ဏရဲ့ ဝတ္ထု ကို ရုပ်ရှင်ရိုက်မယ်ဆိုတော့ ဘယ်လိုတွေရိုက်ကူးပုံဖော်မယ်လို့စိတ်ကူးထားတာလဲ

A: ဦးဝဏ္ဏ ဝတ္ထုကို ဖတ်ပြီးတာတော်တော်ကြာပြီ ရိုက်လဲရိုက်ချင်တယ်။ ဒါပေမယ့် ထုတ်လုပ်သူရှာရတော့ခက်မယ်။ နည်းနည်းလဲထူးဆန်တယ်။ လူတော်တော်များများကြိုက်ဖို့လည်းခက်မယ်
ဆိုတဲ့ အတွက်ကြောင့် ထုတ်လုပ်သူရှာရတာတော်တော်လေးခက်တယ်။ ဒါပေမယ့်လဲအခုမှ အဆင်ပြေသွားတယ် တော်ဝင်မင်းသားက ကိုမင်းလဲ့ဝင်းက ကျွန်တော့်ကိုယုံယုံကြည်ကြည်နဲ့
ပေးရိုက်လို့ရိုက်ဖြစ်သွားတာ။ ဖတ်ဖူးတဲ့လူတိုင်းတော့ သိပါတယ် အဲဒီဝတ္ထုနဲ့ပတ်သက်ပြီး ကျွန်တော်ကကြိုက်ပြီဆိုရင် ဇာတ်လမ်းသိပ်မပါဘူး။ အဖြစ်အပျက် သေးသေးလေးထဲမှာပဲလူတွေရဲ့
စိတ်တွေကိုသေးသေးလေးတွေပြောင်းသွားတာ။ ဖတ်ကြည့်မှသိမှာပါ။

Q: ဒီဝတ္ထုကို ဘယ်လိုရှာတွေ့တာလဲ ဘယ်အချိန်ထဲက ရိုက်ဖို့ကြိုးစားခဲ့တာလဲ။

A: ရိုက်ဖို့က မကြိုးစားခဲ့ဘူး။ ကျွန်တော် ဘယ်သူ့ကိုပြကြည့် ပြကြည့် ရိုက်ဖို့အတွက်သဘောမတူကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဦးဝဏ္ဏ ကိုယ်တိုင်လဲ ဒီဟာကိုရေးခဲ့တုန်းက သူလဲပဲမရိုက်နိုင်ဘူး။ သူလဲပဲရိုက်ချင်ခဲ့တဲ့အမျိုးအစားမျိုး။ ဒါပေမယ့် ကျွန်တော်ခုနကပြောသလိုပဲ ဇာတ်လမ်းကြီးက အများကြီးမပါနေတဲ့ အတွက်ကြောင့် လူအများအတွက်က ဒီဟာက ရုပ်ရှင်တစ်ကားဖြစ်လာနိုင်တဲ့ ဇာတ်လမ်းမဟုတ်ဘူးလို့ထင်ကြတာများပါတယ်။ ဒီဝတ္ထုကို ပြတာက ပန်းချီဆရာ ကိုဝဏ္ဏပြတာပါ။
တော်တော်ကြာပါပြီ အဲဒီကတည်းကကြိုက်တာပါ။ ကျွန်တော်ပြန်ရောက်ခါစကပေါ့။ အခုဆိုရင်(၈) နှစ်ကျော်ကျော်လောက်ရှိပါပြီ။

Q: အခုကတော့ Pre-Production အနေနဲ့ရှိနေတာဆိုတော့ ဘယ်တော့လောက်စပြီးရိုက်ဖို့စီစဉ်ထားလဲ။

A: “အခုကတော့ ဝတ္ထု ကို စဝယ်တုန်းပဲရှိပါသေးတယ်။ ကျန်တာအားလုံးဖြည်းဖြည်းချင်း လုပ်ယူသွားမှာပါ။ ကျွန်တော် ဇာတ်ညွှန်းတောင်မခွဲရသေးပါဘူး။ ကျန်တာတွေကိုတော့ သေချာမှကျွန်တော်ပြန်ပြောပါ့မယ်။

Q: စာဖတ်သူတစ်ယောက်ကတော့ ဒီစာအုပ်က တော်တော်ကိုတောင်ရှာမတွေ့တော့ဘူး။ ပြန်ပြီးတော့ ပုံနှိပ်တာထားတောင်လက်တလောနှစ်ပိုင်းမှာတောင်မရှိဘူး ပြောထားတာတွေ့တယ်။ အခု ကြာလဲကြာနေတဲ့ ဝတ္ထု ဖြစ်သလို ရှာရခက်နေတဲ့ ဝတ္ထုကို အသက်သွင်းရိုက်ကူးတော့မယ်ဆိုတော့ ဘယ်လိုအပိုင်းတွေမှာ ပိုပြီး ဂရုစိုက်ရမယ်ထင်ပါသလဲ။

A: ဒါက ကျွန်တော်ကြိုက်တဲ့ ပုံစံအမျိုးအစားမျိုးပါ။ “မီ” တုန်းကအတိုင်းပဲ Emotion ဘက်ကိုသွားမှာပါ။ ဒီကောင်က Period ပဲပြန်သွားမှာပါ။ ဒီလိုဝတ္ထုမျိုးတွေကို ဒီဘက်ကိုပြန်မခေါ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်ကိုပြန်ခေါ်တာကျတော့ သူတို့ရဲ့တန်ဖိုးလျော့သွားတယ်။ တချို့ဇာတ်လမ်း၊ ဇာတ်ကွက်အားဖြင့် ဒီဘက်ခေတ်ကိုပြန်ပြီးပြောင်းလိုက်ရင် သူတို့ရဲ့တန်ဖိုးလျော့သွားတယ်။ ဒါကြောင့် အဲဒီဘက်ခေတ်ကိုပဲ ပြန်ရိုက်ဖို့များပါတယ်။ ဟုတ်ပါတယ် ဒီစာအုပ်ကလဲ ပထမတကြိမ်ပဲထွက်ထားတယ်။ ဒုတိယအကြိမ်လဲမရှိဘူးဆိုတော့ စာဖတ်တော်တော်နာတဲ့ လူပဲ ရှာတွေ့မှာပါ။

Q: သရုပ်ဆောင်တွေအနေနဲ့ကော ဘယ်သူတွေဖြစ်မလဲ

A: ကျွန်တော် အမှန်အတိုင်းပြောရရင်တော့ ကိုယ်မှန်းထားတာတော့ရှိသေးတယ်။ Producer နဲ့ သေချာတိုင်ပင်ပြီးတော့မှပြောမှာပါ အမှားပါသွားရင်မကောင်းဘူး။ မြင်ထားတာရှိတယ်။ အဓိက (၄)ယောက် ပါတယ်။ မင်းသား (၂) ယောက် မင်းသမီး (၂) ယောက် အပြိုင်မဟုတ်ဘူး။ ဝတ္ထု ကိုဖတ်ဖူးတဲ့ လူတွေသိလိမ့်မယ်။ ဇာတ်လမ်း ၂ ခုကိုရုပ်ရှင်ပြန်ရိုက်တယ်။ တကယ်ဇာတ်လမ်းကြီးရှိတယ်။ အဲဒီဇာတ်လမ်းကို ရုပ်ရှင်ပြန်ရိုက်တယ်။ ဒါရိုက်တာနဲ့ မင်းသမီးကြားမှာ နောက်ထပ်ဇာတ်လမ်းတပုဒ်ရှိတယ်။ ဇာတ်လမ်း ၃ ခု အပြိုင်ဖြစ်နေတယ်။ ဇာတ်ညွှန်းကိုယ်တိုင်ရေးမယ်။

Q: ဦးဝဏ္ဏရဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ရင် ကိုဏကြီးအတွက် စိန်ခေါ်မှုက ဘာများဖြစ်မလဲ။

A: ကျွန်တော်အတွက်တော့ Level နောက်တခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဆရာမကြီး
ကြည်အေးရဲ့ “မီ” မှာတော့ “မီ” နောက်ကို အသေရအောင်လိုက်ခဲ့ပါတယ်။ ဒီအပိုင်းမှာလဲ ကျွန်တော်ကိုယ်တိုင်လဲ ကျွန်တော်အတိုင်းအတာတခုထိ ကျေနပ်အားရခဲ့တယ်။ ဒီ ဆရာဦးဝဏ္ဏမှာတော့ အဲဒီ ခေတ်အခါမှာရုပ်ရှင်ရိုက်ကွင်းအပေါ်မှာဖြစ်ခဲ့တဲ့ အလေ့အထလေးတွေ၊ သုံးတဲ့ အသုံးအနှုန်းတွေ ပစ္စည်းတွေ၊ ဆရာဦးဝဏ္ဏက ကွက်ကွက်ကွင်းကွင်းရေးခဲ့တာပါ။ ဖတ်ဖူးတဲ့လူတိုင်းသိကြမှာပါ။ Dialog
တော်တော်နည်းတယ်။ သူဘာကိုဆိုလိုတာလဲဆိုတာ နားလည်တယ်။ သူ အခန်းတခန်းကို
ခြေထောက်တွေချည်းပဲရိုက်မယ်။ မင်းသားနဲ့မင်းသမီးက ဘယ်လိုသရုပ်ဆောင်ရမလဲ။ ဦးဝဏ္ဏရဲ့ စိတ်ခံစားမှုကို ကျွန်တော်နားလည်တယ်။ မြန်မာနိုင်ငံမှာပြမှာ မြန်မာနိုင်ငံမှာရိုက်မှာဆိုတော့ မြန်မာပရိသတ်ကို အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုလုပ်မလဲ။ သူပြချက်လဲ နည်းနည်းလေးကိုကျော်ပြီးပြချင်တာ သူရဲ့ကြိုးပမ်းမှုပေါ့။ ကျွန်တော်က အဲဒီလို ပုံစံမျိုးကိုကြိုက်တယ်။ ကျွန်တော်ရဲ့ အကြိုက်ဆုံး ဒါရိုက်တာလို့လဲပြောလို့ရတယ်။

O Media: ဟုတ်ကဲ့ အခုလို ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။