ချယ်လ်ဆီးနည်းပြသစ်အဖြစ် သောမတ်စ်တူချယ်ကို ခန့်အပ်၊ အဆင့်လေးအတွင်းဝင်အောင် နည်းပြပေးဖို့ စိန်ခေါ်မှုကြုံနေရ

0
67
O Media
O Media

Photo : AFP

ဇန်နဝါရီ (၂၇) ရက်၊ ၂၀၂၁။

ချယ်လ်ဆီးအသင်းဟာ နည်းပြလမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဂျာမန်သားနည်းပြ သောမတ်စ်တူချယ်ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ကြောင်း ဇန်နဝါရီ (၂၆)ရက်နေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ်ငါးပွဲမှာ တစ်ပွဲသာနိုင်ခဲ့ပြီး ရှစ်ပွဲမှာငါးပွဲအထိ ရှုံးခဲ့တဲ့အတွက် နည်းပြလမ်းပတ်ကိုထုတ်ပယ်ခဲ့ပြီး မိန့်ဇ်၊ဒေါ့မွန်နဲ့ ပီအက်စ်ဂျီနည်းပြဟောင်း သောမတ်စ်တူချယ်ကို (၁၈)လစာချုပ်နဲ့ အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

“ကမ္ဘာမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးလိဂ်က ချယ်လ်ဆီးအသင်းကို နည်းပြခွင့်ရဖို့နဲ့ ချယ်လ်ဆီးကစားသမားတွေနဲ့ အတူလက်တွဲအလုပ်လုပ်ဖို့ မစောင့် နိုင်လောက်အောင်ဖြစ်နေရပါပြီ။ ကျွန်တော်တို့အားလုံးဟာ လမ်းပတ်လုပ်ဆောင်ပေးသွားတဲ့ အရာတွေအတွက် လေးစားမှုအပြည့်ထားရှိပါတယ်။”လို့ အသက် (၄၇) နှစ်အရွယ်ရှိတဲ့ သောမတ်စ်တူချယ်က ပြောပါတယ်။

တူချယ်ဟာ ချယ်လ်ဆီးအသင်းကို မိုဗစ်ပိုင်ဆိုင်ပြီးနောက်ပိုင်း ၁၁ ယောက်မြောက်ခန့်အပ်တဲ့ နည်းပြဖြစ်လာပါတယ်။

ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်လှမ်းစေဖို့ နည်းပြပေးနိုင်ခဲ့ပေမယ့် သောမတ်စ်တူချယ်ဟာ ပြီးခဲ့တဲ့လကပဲ ပီအက်စ်ဂျီနည်းပြအဖြစ် ထုတ်ပယ်ခံလိုက်ရသူဖြစ်ပါတယ်။

တူချယ်ဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီက တန်းတက်မိန့်ဇ်အသင်းကို ဂျာမန်ဘွန်ဒက်စ်လီဂါမှာ အဆင့် (၉) နေရာရပ်တည်စေဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်က ဒေါ့မွန်ကို ဂျာမန်ပိုကယ်ဖလားရရှိစေခဲ့တဲ့ နည်းပြလည်းဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်း ဒါရိုက်တာ ဂရာနော့ဗ်စကီယာက တူချယ်ဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

တူချယ်အတွက် စိန်ခေါ်မှုကတော့ ချယ်လ်ဆီးကို အဆင့် (၄) အတွင်းဝင်စေဖို့ နည်းပြပေးသွားရမှာ ဖြစ်ပါတယ်။

Ref : BBC