ခွဲစိတ်တဲ့အချိန် ကတ်ကြေးကျိုးကျန်ခဲ့လို့ဆိုပြီး Grand Hantha ဆေးရုံကတာဝန်ရှိသူတွေကို အမှုဖွင့်

0
29109
ဂရန်းဟံသာ
ဂရန်းဟံသာ

ဇူလိုင်လ(၄)ရက်၊ ၂၀၁၉။

လူနာတစ်ယောက်ရဲ့ခါးကိုခွဲစိတ်တဲ့အချိန်မှာ ကတ်ကြေးကျိုးကျန်ခဲ့လို့ဆိုပြီး လူနာဖြစ်သူက Grand Hantha International ဆေးရုံက တာဝန်ရှိသူတွေကို ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

“နှစ်ဘက်လုံးကိုတရားစွဲတာဗျ ဆေးရုံက ဒါရိုက်တာ(၅)ယောက်ပါတယ်။ မှတ်ပုံတင်ထားတဲ့အထဲမှာ ပါတဲ့ ဒါရိုက်တာ(၅)ယောက်ရယ်၊ ပြီးရင် ဆရာဝန်(၃)ယောက်ရယ်၊ ဆရာဝန်က နိုင်ငံခြားဆရာဝန် (၂)ယောက်ပေါ့၊ ခွဲစိတ်တဲ့ဆရာဝန်ကော ဆရာဝန်(၃)ယောက်နဲ့ အုပ်ချုပ်မှုဒါရိုက်တာ(၅)ယောက်နဲ့” လို့ အမှုဖွင့်ထားတဲ့ လူနာ ဒေါက်တာအောင်အောင်က O Media ကို ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ဆေးရုံကို သတိပေးစာတွေပို့ခဲ့သလို ကျန်းမာရေးဝန်ကြီးဌာနကိုလည်း စာပို့ခဲ့ပေမဲ့ အဆင်မပြေတာကြောင့် ပြီးခဲ့တဲ့တစ်ပတ်လောက်က ပုဒ်မ (၃၃၈) နဲ့ ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်လိုက်တာလို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ကမာရွတ်ရဲစခန်းကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အမှုဖွင့်ထားပြီး ရဲအုပ်ကိုကိုလင်းက စစ်တယ်လို့ဖြေကြားခဲ့ပြီး အသေးစိတ်သိချင်ရင် ရဲစခန်းကိုလာခဲ့ဖို့ တာဝန်ကျ ရဲဝန်ထမ်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါကြောင့် ကမာရွတ်မြို့မရဲစခန်းကို နှစ်ကြိမ်တိတိ သွားရောက်မေးမြန်းခဲ့တဲ့အချိန်မှာတော့ သူတို့အနေနဲ့ ပြောလို့မရသေးတာကြောင့် တိုင်းရုံးကထုတ်ပြန်ပေးလိမ့်မယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

အမှုဖွင့်ထားတာနဲ့ ပတ်သက်လို့ ဆေးရုံကို နှစ်ရက်တိတိသွားရောက်မေးမြန်းချိန်မှာတော့ ဆေးရုံတာဝန်ရှိသူတွေ အစည်းအဝေးလုပ်နေတဲ့အတွက်တွေ့လို့မရသေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပြီး O Media ရဲ့ သတင်းထောက်ဆီကနေ လိပ်စာကတ်တောင်းပြီး ဖုန်းပြန်ဆက်ပေးမယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ်တုန်းက Grand Hantha International ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ဖူးပါတယ်။