ဂုတ်တွင်းတိုက်ပွဲနောက်ဆက်တွဲအဖြစ် သီပေါက နိုင်ငံခြားခရီးသွားတွေ လေယာဉ်နဲ့ပြန်လာ

0
239
နောင်ချို
နောင်ချို

PHOTO: KO NAY

သြဂုတ်လ(၁၆)ရက်၊ ၂၀၁၉။

သြဂုတ်လ(၁၅)ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သီပေါမြို့က နိုင်ငံခြားသားခရီးသွားဧည်သည့်(၁၈)ယောက်ဟာ ကြားဖြတ်လေယာဉ်နဲ့ ပြန်လာဖို့လုပ်နေပြီလို့ ဟိုတည်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက O Media ကို ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က တက်လာတဲ့စာရင်းတွေအရ သီပေါမှာ နိုင်ငံခြားသားဧည့်သည့်အယောက် (၄၀)ရှိတာမှာ (၁၈)ယောက်သာ ပြန်လာတာဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးဆိုရင်တော့ ကြားဖြတ် လေယာဉ်လတ်မှတ်ဖြတ်ထားတဲ့ ခရီးသည်(၃၄)ယောက် ရှိတယ်လို့ သိရပါတယ်။

“ရန်ကုန်ကိုကော မန္တလေးကိုကော ဒါက ကျွန်တော်တို့ဌာနနဲ့ Air KBZ တို့ ပေါင်းစပ်ညှိနှိုင်းပေးတဲ့ ညှိနှိုင်းပေးမှုအရ သူတို့က ပြေးဆွဲပေးတာပါ။ သူတို့ပုံမှန် အစီအစဉ်မဟုတ်ပါဘူး။ အထူးကိစ္စဖြစ်ရပ် အနေနဲ့ စီစဉ်ဆောင်ရွက်ပေးတာပါ” လို့ ဟိုတည်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က O Media ကို ပြောပါတယ်။

မနေ့က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ တပ်မတော်တပ်ရင်းတွေနဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့မှုကြောင့် သေဆုံးသူ(၁၅)ယောက်ရှိခဲ့ပြီး ဂုတ်တွင်းက ချောင်းကူးကွန်ကရိတံတားလည်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာကြောင့် သွားလာရေးတွေပိတ်ဆို့နေတာဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနကတော့ အဲဒီပျက်စီးသွားတဲ့ တံတားနေရာမှာ နှစ်လမ်းသွား ဘေလီတံတားတစ်စင်းကိုငါးရက်အတွင်း အပြီးတည်ဆောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြင်ဦးလွင်ပြီးရင်တော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နောင်ချို၊ ဂုတ်တွင်းတို့ဟာ တစ်ဆက်တည်းဖြစ်ပြီး
ရှေ့ဆက်သွားရင်တော့ ကျောက်မဲနဲ့ သီပေါကို ရောက်မှာ ဖြစ်ပါတယ်။

အဲဒီလို တပ်မတော်စိုးမိုးမှုရှိတဲ့ ပြင်ဦးလွင်နဲ့ နောင်ချိုမှာတောင် ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက် ခရီးသွားကဏ္ဍကို ထိခိုက်လာနိုင်တယ်ဆိုပြီးတော့လည်း ခရီးသွားလုပ်ငန်းရှင်တွေက ခန့်မှန်းထား ကြပါတယ်။

မနေ့ကလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)က ခရီးသွားကုမ္ပဏီတွေ အနေနဲ့ မေမြို့-နောင်ချို-သီပေါ ခရီးစဉ်တွေရှိခဲ့ရင် အချိန်နဲ့ တပြေးညီဂရုစိုက်ဖို့ အကြောင်းကြား ထားပါတယ်။

“နိုင်ငံခြားသားတွေ ထိခိုက်မှုမရှိသော်လည်းပဲ ဒေသအပေါ်မှာ နည်းနည်းလေးစိတ်ဝင်စားမှုကျတော့ သူတို့ လုံခြုံပါ့မလားဆိုတဲ့ အတွေးမျိုးလေး တစ်ဆင့်စကားတစ်ဆင့်နားနဲ့ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းအပေါ်မှာတော့ အနည်းအကျဉ်းတော့ ထိခိုက်မှုရှိလာနိုင်ပါတယ်” လို့ ဦးအောင်အေးဟန်က ပြောပါတယ်။

မနေ့က သြဂုတ်လ(၁၅)ရက်နေ့မနက်နေ့တုန်းက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ TNLA/ MNDAA နဲ့ AA တို့က တပ်မတော်ရဲ့ အဓိကကျောင်းတစ်ကျောင်းဖြစ်တဲ့ DSTA အပါအဝင် ပြင်ဦးလွင်နဲ့ နောင်ချိုကနေရာ(၅)နေရာခုကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာကြီးတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝန်တွေကရှာဖွေဖမ်းဆီးခဲ့တာကြောင့်ဖြစ်တယ်လို့ တပ်မတော်က ပြောဆိုထားပေမဲ့ TNLA ကတော့ တပ်မတော်က ရှမ်းမြောက်မှာ ထိုးစစ်ဆင်နေတဲ့အတွက် ပြန်တိုက်ခိုက်ရတာလို့ ပြောထားပါတယ်။

အခုအချိန်မှာတော့ တပ်မတော်ဟာ စစ်တိုင်းကြီးငါးတိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန်းထားတယ်လို့ တရားဝင်ထုတ်ပြန်ထားပြီး အဲဒီကာလဟာ အခုသြဂုတ်လကုန်ဆိုရင်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။