စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဆက်ဆံရေးအမြန်အဆုံးသတ်ဖို့ Kirin လုပ်ဆောင်နေ

0
28
O Media
O Media

ဖေဖော်ဝါရီ (၁၈) ရက်၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကြောင့် နိုင်ငံတဝန်းဆန္ဒပြမှုတွေ ဆက်ဖြစ်ပွားနေချိန်မှာပဲ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ ဆက်ဆံရေးကို အမြန်ဆုံးအဆုံးသတ်ဖို့ လုပ်ဆောင်နေတယ်လို့ Kirin ဘီယာကုမ္ပဏီရဲ့ စီအီးအို ယိုရှိနိုရီက ပြောခဲ့တယ်လို့ Asia Nikkei သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို အမြန်ဆုံး အဆုံးသတ်ချင်နေပြီး အဲတာကိုတစ်နှစ်အတွင်း အကောင်အထည်ဖော်သွားမယ်လို့ Kirin ရဲ့ စီအီးအိုဖြစ်သူ ယိုရှိနိုရီက Asia Nikkei နဲ့ ဒီနေ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေဟာ Kirin ရဲ့ စံနှုန်းတွေ၊ လူ့အခွင့်အရေးမူဝါဒတွေနဲ့ ဆန့်ကျင်နေတာကြောင့် မြန်မာဘီယာနဲ့ မန္တလေးဘီယာတို့ကို ပူးတွဲထုတ်လုပ်တဲ့ မိတ်ဖက်ကုမ္ပဏီ စီးပွားရေးဦးပိုင်လိမိတက်နဲ့ လုပ်ငန်းလုပ်ကိုင်တာတွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ယိုရှိနိုရီက ပြောပါတယ်။

ဖေဖော်ဝါရီလ (၁)ရက် အာဏာသိမ်းမှုပြီးနောက် အခုလို ဆုံးဖြတ်လိုက်တာကိုလည်း ကုမ္ပဏီမှာ ကန့်ကွက်မှုမရှိဘူးလို့ ဆိုပါတယ်။

မြန်မာဘီယာနဲ့ မန္တလေးဘီယာတို့ကို ပူးတွဲထုတ်လုပ်ရောင်းချချိန်မှာတော့ ဂျပန်အခြေစိုက် Kirin ကုမ္ပဏီက ရှယ်ယာ (၅၁)ရာခိုင်နှုန်းနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက (၄၉)ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် ဦးပိုင်ကုမ္ပဏီလို စစ်တပ်နဲ့ဆက်နွယ်နေတဲ့ဟာမျိုးမဟုတ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ လက်တွဲနိုင်ဖို့ Kirin က လုပ်ဆောင်နေပြီး ဦးပိုင်ရဲ့ ရှယ်ယာတွေကို ၀ယ်ယူဖို့ကြိုးစားချိန် ဦးပိုင်က သဘောတူ၊ မတူဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ကာကွယ်ရေးဦးစီးချုပ်ကပဲ အပြီးသတ်ဆုံးဖြတ်ချက် ချရမှာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Kirin အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ရည်ရွယ်ထားပြီး ဦးပိုင်ကုမ္ပဏီက သူ့ရဲ့ ရှယ်ယာတွေ မရောင်းဘူးဆိုရင်တော့ မြန်မာနိုင်ငံက ထွက်ခွာရနိုင်တယ်လို့ Kirin ရဲ့ စီအီးအိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ref: Nikkei Asia