စစ်တပ်ဝါဒဖြန့် တပ်မတော်သတင်းမှန်ပြန်ကြားရေး ဖေစ့်ဘုတ်စာမျက်နှာ ပိတ်သိမ်းခံရ

0
22
O Media
O Media

Photo : AFP

ဖေဖော်ဝါရီ (၂၁) ရက်၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် စစ်တပ်ဝါဒဖြန့်ချိရေး ပလက်ဖောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ဖေ့ဘုတ်စာမျက်နှာကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ ပိတ်သိမ်းလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြသူတွေကို မြန်မာစစ်တပ်က ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အများအပြားဖြစ်ခဲ့ပြီးနောက်ပိုင်း အခုလို ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။

“ကမ္ဘာလုံးဆိုင်ရာ ဖေ့စ်ဘုတ်ပေါ်လစီအရ တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာဟာ ထပ်ကာထပ်ကာ တားမြစ်ထားတဲ့ လူမှုစံနှုန်းတွေကို ချိုးဖောက်တယ်၊ အထူးသဖြင့် တားမြစ်ထားတဲ့အကြမ်းဖက်လှုံဆော်မှုကို ဆက်လုပ်တာတွေအတွက် ပိတ်လိုက်ရတာဖြစ်ပါတယ်။”လို့ ဖေ့စ်ဘုတ်က သတင်းထုတ်ပြန်ထားပါတယ်။

ဖေ့စ်ဘုတ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အကောင့်ကို ၂၀၁၈ ခုနှစ်က ပိတ်ပင်ခဲ့သလို အခြားစီနီယာအရာရှိ (၁၉) ယောက်ရဲ့ အကောင့်တွေနဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးဖေ့စ်ဘုတ်အကောင့် (၁၀၀) ကျော်ကိုပါ ဖျက်သိမ်းခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလရွေးကောက်ပွဲမတိုင်ခင်ကလည်း တပ်မတော်ကောင်းကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကိုမကောင်းကြောင်း သတင်းမှားတွေထုတ်လွှင့်နေတဲ့ အကောင့်အတု (၇၀) ကျော်ကိုလည်း ဖေ့စ်ဘုတ်က ပိတ်သိမ်းခဲ့ပါသေးတယ်။

Ref : Reuters