ဆေးမြှီးတိုသောက်ရင် ကိုဗစ်ပျောက်တယ်လို့ ပြောဆိုခဲ့တဲ့ သီရိလင်္ကာကျန်းမာရေးဝန်ကြီး ကိုဗစ်ကူးစက်ခံရ

0
112
O Media
O Media

Photo : AFP

ဇန်နဝါရီ (၂၄) ရက်၊ ၂၀၂၁။

ဆေးမြှီးတိုသောက်ရင် ကိုဗစ်ပျောက်တယ်လို့ တိုက်တွန်းထောက်ခံချက်ပေးခဲ့တဲ့ သီရိလင်္ကာကျန်းမာရေးဝန်ကြီး ပါဗီသရာဝန်နီယာအာချာကို ကိုဗစ်ပိုးကူးစက်ခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။

သီရိလင်္ကာကျန်းမာရေးဝန်ကြီးဟာ ကိုဗစ်ကာလအတွင်း နတ်ဆရာတစ်ယောက်ထုတ်လုပ်လိုက်တဲ့ ဆေးမြှီးတိုကို ကိုယ်တိုင်သောက်သုံးပြခဲ့သလို ပြည်သူတွေလည်း သောက်သုံးဖို့တိုက်တွန်းခဲ့ပြီး အဲဒီဆေးက ကိုဗစ်ကိုရာသက်ပန် ကာကွယ်နိုင်တယ်လို့ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ကိုဗစ်ရောဂါစဖြစ်ချိန်ကစပြီး ဒီနေ့အထိ ကူးစက်ခံရသူပေါင်း (၅၆၀၀၀) ကျော်ရှိပြီး သေဆုံးသူ (၂၇၆) ယောက် ရှိနေပါတယ်။

ပါဗီသရာဟာ သီရိလင်္ကာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရတဲ့လေးယာက်မြောက် ဝန်ကြီးဖြစ်ပြီး ကိုဗစ်ပိုးနှစ်ကြိမ်စစ်ဆေးရာမှာ နှစ်ကြိမ်စလုံး ပိုးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပါဗီသရာပြောတဲ့ဆေးဟာ အာနိသင်သက်ရောက်မှုမရှိဘူးလို့ သီရိလင်္ကာဆရာဝန်တွေက ကန့်ကွက်ပြောဆိုခဲ့ကြပေမယ့် လူတွေကတော့ ဆေးထုတ်လုပ်တဲ့ နတ်ဆရာရှိရာကို အများအပြား သွားရောက်နေကြဆဲဖြစ်တယ်လို့ သတင်းမှာပါရှိပါတယ်။

သီရိလင်္ကာနိုင်ငံဟာ နောက်တစ်ပတ်ထဲမှာ အိန္ဒိယနိုင်ငံက ထောက်ပံ့ပေးပို့မယ့် Oxford/AstraZeneca ကာကွယ်ဆေး စတင်ရရှိတော့မှာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကို ဆေးမြှီးတိုနဲ့တိုင်းရင်းဆေးတွေနဲ့ကုသတာကို အသိအမှတ်မပြုဘဲ သုံးစွဲနေကြတာဟာ သီရိလင်္ကာတစ်နိုင်ငံတည်းမှာမဟုတ်ဘဲ မာဒါဂက်စ်ကာသမ္မတ အန်ဒရေးရာဂျိုလီနာက ဆေးဘက်ဝင် သစ်ပင်၊သစ်မြစ်တွေနဲ့လုပ်ထားတဲ့ ရေစင်ဆေးကို သောက်သုံးကြရမယ်လို့ လှုံဆော်တိုက်တွန်းခဲ့သေးတဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။

ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့လည်း ပါဝင်ခဲ့ပါသေးတယ်။

Ref : BBC