တပ်မတော်ကစစ်ဆေးပြီးတဲ့နောက် သေဆုံးသွားတဲ့သူမှာ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေတွေ့

0
145
ရခိုင်
ရခိုင်

ဇူလိုင်လ(၂)၊ ၂၀၁၉။

တပ်မတော်ကစစ်ဆေးပြီး ရဲစခန်းကိုလွှဲပြောင်းပြီးတဲ့နောက် ဆေးရုံတင်ပြီးသေဆုံးသွားတဲ့
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွှေထွန်းဖြူကျေးရွာက အသက်(၂၈)နှစ်အရွယ် ကိုဇော်ဝင်းလှိုင်ရဲ့ ခန္ဓာကိုယ်မှာ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့သူ့ကို စောင့်ရှောက်ခဲ့တဲ့သူဆီက သိရပါတယ်။

“ကျောကုန်းမှာတော့ ရိုက်ထားတာတွေတော့ တွေ့မြင်ရပါတယ်ဒဏ်ရာအခြေအနေက ခြေထောက်တွေမှာပါ ရိုက်ထားတဲ့အရာတွေတွေ့ပါတယ်။ ဒါကတော့ မိဘတွေရဲ့ဆန္ဒအတိုင်းပါကျွန်မတို့က လာရောက်ကူညီပေးတာပါ၊ သူတို့မိဘတွေရဲ့ဆန္ဒကိုလည်း အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ”လို့ ကိုဇော်ဝင်းလှိုင်ကို အနီးကပ်စောင့်ရှောက်ပေးခဲ့သူတစ်ယောက်က ပြောပါတယ်။

ကိုဇော်ဝင်းလှိုင်ကို AA အဖွဲ့ဝင်အဖြစ် သံသယရှိတယ်ဆိုပြီး တပ်မတော်က ဖမ်းခေါ်ဆောင်သွားခဲ့ ပြီးတဲ့နောက် ရဲစခန်းကိုလွှဲပြောင်းပေးပြီး စစ်တွေဆေးရုံကို ပို့ဆောင်ထားတဲ့အချိန် ဇူလိုင်လ(၁)ရက်နေ့ညနေက သေဆုံးခဲ့တာဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်ကို ဇွန်လ ၂၅ ရက်နေ့က ကျောက်တော်ဆေးရုံမှာ အပြင်လူနာအဖြစ် ဆေးကုသ ခဲ့သလို စစ်တွေဆေးရုံးကိုဇွန်လ ၃၀ ရက်နေ့မှာ တင်ပို့ခဲ့တာဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်ကို မဖမ်းဆီးခင်အချိန်ထိ သေဆုံးနိုင်လောက်တဲ့ရောဂါမရှိသလို တခြားရောဂါလည်း မရှိဘူးလို့ မိသားစုဝင်တွေက မှတ်ချက်ပြုထားပါတယ်။

အခုအချိန်မှာတော့ သေဆုံးသူရဲ့အလောင်းကို စစ်တွေကနေ မြောက်ဦးကို ပို့ဆောင်နေပြီလို့ သိရပါတယ်။

“ကျွန်မတို့အနေနဲ့ ပြောချင်တာက သံသယရှိတဲ့သူကို တရားဥပဒေအတိုင်း စစ်ဆေးပိုင်ခွင့်ရှိပါတယ်။ ဒီလိုမျိုး လူ့အသက်တစ်ချောင်းကို သေဆုံးအောင်လုပ်တဲ့အထိတော့ လုပ်တယ်ဆိုတာ ကျွန်မတို့အနေနဲ့ လက်မခံနိုင်ပါဘူး”လို့ ကိုဇော်ဝင်းလှိုင်ကို စောင့်ရှောက်ပေးနေတဲ့သူက ပြောပါတယ်။

အခုအချိန်မှာတော့ လက်သမားလုပ်ပြီး တပ်မတော်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတဲ့ လက်သမား(၃)ယောက်မှာ ကိုဇော်ဝင်းလှိုင်အပါအဝင်(၂)ယောက် သေဆုံးသွားတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို O media က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။