တပ်နဲ့ AA ကြားက မြန်မာ့အနောက်ဖျားရွေးကောက်ပွဲအကြပ်အတည်း

0
1211
O Media
O Media

ရခိုင်၌ တိုက်ပွဲအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။  PHOTO CREDIT : REC

“ရွေးကောက်ပွဲလုပ်ရင် ကျွန်တော်တို့ကို ဆွေးနွေးတိုင်ပင်ပြီးမှလုပ်တာ ကောင်းမယ်”လို့ ရက္ခိုင့်တပ်တော် (AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

အဲဒီလိုအခြေအနေကြောင့် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်(၉)ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်မှာကို ဒေသခံတိုင်းရင်းသားပါတီတွေ စိုးရမ် နေကြပါတယ်။

ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အဲဒီ(၉)မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမယ်၊ မကျင်းပဘူးဆိုတာကို ထုတ်ပြန်သင့်နေပြီလို့လည်း ရခိုင်နဲ့ ချင်းပါတီတွေက ဆိုပါတယ်။

“UEC ကထုတ်ပြန်မှ နိုင်ငံရေးပါတီတွေက ပြင်ဆင်သင့်လား၊ မပြင်ဆင်သင့်ဘူးလားဆိုတဲ့ ကိစ္စရပ်တွေကို စီမံဆောင်ရွက်ရမှာဖြစ်တယ်။”လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်တဲ့ ဦးရှိန်းထွန်းက O Media ကို ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အကြောင်းကြောင်းကြောင့် လုံခြုံရေးအရမကျင်းပနိုင်ဘူးဆို ရင်လည်း လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာတဲ့အခါ လစ်လပ်နေတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့လိုမယ်လို့ ဆိုကြပါတယ်။

“ရခိုင်ပြည်နယ်(၈)မြို့နယ်၊ ပလက်ဝအပါပေါ့။ တကယ်လို့ ရွေးကောက်ပွဲဖြစ်ရင်လည်း NLD နိုင်မှာမဟုတ်ဘူး။ မနိုင်တဲ့ဇာတ် မထူးဘူးဆိုတဲ့ ဇာတ်ခင်းတယ်လို့ပဲ ကျွန်တော်တော့မြင်တယ်။ ရွေးကောက်ပွဲမကျင်းပရင် တိုင်းရင်းသားတွေအတွက် ကိုယ်စားပြုမှုကတော့ အရမ်းကိုလျော့သွားပြီ။”လို့ ဦးရှိန်းထွန်းကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ အခုထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မသတ်မှတ်ရသေးဘူးလို့ ဖေဖော်ဝါရီ(၆)ရက်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့လုပ်နေပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က မြို့ နယ်(၈)ခုမှာပါ ရွေးကောက်ပွဲကျင်းပနိုင်အော စီစဉ်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

“ကော်မရှင်ကတော့ ဒီနေ့အထိ အကုန်လုံးကျင်းပနိုင်တယ်လို့ စိတ်ထဲထားပြီး ဆောင်ရွက်နေတယ်။ ကျင်းပ နေဆဲ၊ ကျင်းပခါနီးမှာ လုံခြုံရေးအခြေအနေအရ တစ်ခုခုဖြစ်ရင် မဲပုံးတွေဘယ်လိုရွှေ့မလဲ၊ ရက်ဘယ်လိုရွှေ့မလဲ ဆိုတဲ့ အစီအစဉ်တွေလည်း ချမှတ်ထားပါတယ်။ ကာကွယ်တားဆီးရေးအတွက်လည်း စီမံထားပါတယ်။”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

“တကယ်လို့ ကျင်းပလိုက်လို့ လွတ်လွတ်လပ်လပ်မဖြစ်ဘူး၊ ဥပဒေနဲ့ မညီဘူး။ မမျှမတဖြစ်မယ်ဆိုရင်တော့ ကျင်းပမှာမဟုတ်ဘူးလေနော်။ လုံခြုံရေးအရ မလွတ်လပ်ဘဲနဲ့ မျှတတဲ့ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင် ရွှေ့ဆိုင်း ရမယ်လို့ပြောထားတော့ အဲဒီအခါကျတော့ ရွှေ့ဆိုင်းသွားပါမယ်။”လို့ ဦးမြင့်နိုင်က ဆက်ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အဓိကယှဉ်ပြိုင်မယ့်ပါတီတွေက ရခိုင်အမျိုးသားပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီနဲ့ ခူမီးအမျိုးသားပါတီတို့ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ရင်တော့ ပြည်သူ့ကိုယ်စားပြုဖြစ်တဲ့ ပြည်နယ်လွှတ်တော်(၂)နေရာ၊ ပြည်သူ့လွှတ်တော်(၁)နေရာနဲ့ အမျိုးသားလွှတ်တော်(၂)နေရာတို့ကို ဆုံးရှုံးနိုင်ပါတယ်။

ရခိုင်ပြည်နယ်က(၈)မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ရင်တော့ ပြည်နယ်လွှတ်တော်အတွက်(၁၆)နေရာ၊ ပြည်သူ့လွှတ်တော်အတွက်(၈)နေရာနဲ့ အမျိုးသားလွှတ်တော်မှာ(၇)နေရာ ဆုံးရှုံးနိုင်မှာပါ။

၂၀၁၉ ခုနှစ်ကထဲက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ရသေ့ တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ် တွေဖြစ်ပါတယ်။

O Media
နေရပ်စွန့်ခွာ ရခိုင်ဒုက္ခသည်များအားတွေ့ရစဉ် – PHOTO CREDIT : REC

“တိုက်ပွဲတွေဖြစ်ပြီး ပြည်သူတွေအကုန်စစ်ဘေးရှောင်ဖြစ်နေတယ်ဆိုရင် ရွေးကောက်ပွဲအတွက် ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး။ ရွေးကောက်ပွဲကျင်းပနိုင်အောင် အစိုးရကစေ့စပ်ညှိနှိုင်းပေးဖို့လိုတယ်။”လို့ ရခိုင် အမျိုးသားပါတီဥက္ကဌ ဦးသာထွန်းလှက O media ကို ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာရင် ရွေးကောက်ပွဲမဖြစ်နိုင်စရာ အကြောင်းမရှိဘူး လို့လည်း ဦးသာထွန်းလှက ဆက်ပြောပါတယ်။

ဒါ့အပြင် အခုလို အင်တာနက်လိုင်းတွေပိတ်ထားတာဟာလည်း ရွေးကောက်ပွဲအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်သလို ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခင်းအကျင်းမျိုးဖြစ်အောင် အစိုးရကဘက်က ဖန်တီးပေးဖို့ လိုတယ်လို့ ပြောပါတယ်။

အခုအချိန်မှာတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်က မြို့တစ်ချို့ကို ညမထွက်ရအမိန့် ထုတ်ပြန် ထားပြီးတော့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူဟာ (၁)သိန်းကျော်အထိရှိလာနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ဒေသရဲ့လိုအပ်ချက်အရ ရွေးကောက်ပွဲကို ရွေ့ဆိုင်းရမယ်ဆိုရင် ဒေသခံပြည်သူတွေပဲနစ်နာမယ်လို့ O Media ကိုပြောပါတယ်။

“ရွေးကောက်ပွဲကတော့ ဒီမိုကရေစီရဲ့အသက်ပါပဲ။ သူတို့ကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်မရှိတာဟာ ဒေသခံတွေအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။”လို့ ဒေါက်တာမျိုးညွန့် ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပရင်လည်း ရခိုင်လူမျိုးတွေအတွက် ဘာမှတိုးတက်မှာမဟုတ်သလို မကျင်းပဖြစ် ရင်လည်း ဘာမှဆုတ်ယုတ်စရာမရှိဘူးလို့ ရက္ခိုင့်တပ်တော်(AA)ကဆိုပါတယ်။

“အဓိက ကတော့ ကျွန်တော်တို့က အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရရေးက အဓိကကျတယ်။ ရွေးကောက်ပွဲက ကျွန်တော်တို့ရခိုင်တွေအတွက်တော့ သိပ်ထူးခြားတဲ့ဥစ္စာတော့မဟုတ်ဘူးခင်ဗျ”လို့ ခိုင်သုခက O Media ကို ပြောပါတယ်။

ချင်းပြည်နယ်မှာတော့ မဲပေးခွင့်ရှိသူ(၃)သိန်းကျော်၊  ရခိုင်ပြည်နယ်မှာတော့ (၁)သန်းကျော်ရှိနေတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။