တရုတ်ရွှေတွင်းထဲမှာ ပိတ်မိနေတဲ့အလုပ်သမားကိုးယောက်ကို သေဆုံးလျှက်တွေ့ရှိ

0
50
O Media
O Media

Photo : AFP

ဇန်နဝါရီ (၂၇) ရက်၊ ၂၀၂၁။

တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်က ရွှေတွင်းထဲမှာ သီတင်းနှစ်ပတ်ကြာပိတ်မိနေတဲ့ အလုပ်သမား (၁၁) ယောက်ကို ရှာဖွေတွေ့ရှိပြီး နောက်တစ်ရက်အကြာမှာ ကျန်အလုပ်သမားကိုးယောက်ကို သေဆုံးလျှက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ CCTV သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အခုအချိန်အထိ အလုပ်သမားတစ်ယောက် ပျောက်ဆုံးနေဆဲဖြစ်ကာ တခြားတစ်ယောက်ကတော့ သတိလစ်မေ့နေတဲ့အနေအထားနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ (၁၀) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတစ်ခုကြောင့် မိုင်းတွင်းဝင်ပေါက်ပိတ်သွားပြီး အလုပ်သမား (၂၂) ယောက် ပိတ်မိနေခဲ့ကာ သူတို့ထဲက (၁၁)ယောက်ကို ဇန်နဝါရီလ (၂၄)ရက်မှာ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဇန်နဝါရီလ (၂၅) ရက်နေ့အထိ ဆက်လက်လုပ်ကိုင်ခဲ့ပြီး သေဆုံးနေတဲ့ အလုပ်သမားကိုးယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ယန်တိုင်မြို့တော်ဝန် ချန်ဖိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ (၂၁) ရက်မှာသေဆုံးသွားခဲ့တဲ့ အလုပ်သမားတစ်ယောက်ရဲ့ အလောင်းနဲ့အတူ အခြားကိုးယောက်ရဲ့ ရုပ်အလောင်းတွေကို ရွှေမိုင်းတွင်းထဲကနေ သယ်ထုတ်ခဲ့ပြီးဖြစ်ကြောင်းလည်း တရုတ်အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

Ref: BBC