တိုက်ခိုက်ချင်ရင် တပ်မတော်ကိုပဲ တိုက်ခိုက်ဖို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

0
178
ကွတ်ခိုင်
ကွတ်ခိုင်

ပျက်စီးသွားသည့် တံတားတစ်စင်းအား ပြင်ဆင်နေစဉ်
ဓာတ်ပုံ – တပ်မတော်

သြဂုတ်လ(၂၆)ရက်၊ ၂၀၁၉။

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့အနေနဲ့ တိုက်ခိုက်ချင်ရင် တပ်မတော်ကိုတိုက်ခိုက်လို့ရပြီး ပြည်သူလူထုရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုမဖျက်ဆီးဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကပြောဆိုလိုက်ပါတယ်။

“ဆက်သွယ်ရေးလမ်းကြောင်းတွေကို အကြမ်းဖက်တိုက်ခိုက်တာဟာ ပြည်သူလူထုအတွက်၊ နိုင်ငံအကျိုးစီးပွား ကို တိုက်ရိုက်ထိခိုက်တဲ့ အနေအထားဖြစ်တယ်။ တိုက်ခိုက်ချင်ရင် တပ်မတော်ကို တိုက်ခိုက်လို့ရတယ်။”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက O Media ကိုပြောပါတယ်။

တပ်မတော်ကိုမတိုက်ခိုက်ဘဲ ပြည်သူလူထုအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖျက်ဆီးနေတာ ဟာ အဖျက်အမှောက်လုပ်ငန်းတွေလုပ်တာဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့လည်းပြောဆိုလိုက်ပါတယ်။

အခုအချိန်မှာ မြောက်ပိုင်းအဖွဲ့တွေရဲ့ မိုင်းခွဲဖျက်စီးမှုကြောင့် တံတား(၄)စင်းပျက်စီးခဲ့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနဲ့ တာဝန်ရှိတဲ့သူတွေက ပြန်ပြင်ဆင်နေကြပါတယ်။

ဒါ့အပြင် သြဂုတ်လ(၂၆)ရက်၊ မနက်(၁၁)နာရီခွဲလောက်က ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြား၊ ရင်ကွဲတောင်ကုန်းမှာရှိတဲ့ တပ်မတော်လုံခြုံရေးစခန်းကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့(၃)ဖွဲ့က လူအင်အား(၁၀)ယောက်လောက်နဲ့ လာရောက် တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့(၃)ခု TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက် ကျော်ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့တာမှာတော့ သြဂုတ်လ ၂၆ ရက်နေ့မှာ တိုက်ပွဲ(၃)ကြိမ်ထိတွေ့မှုရှိခဲ့သလို အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ ပြန်လည်ဖြေကြား ခဲ့ပြီး ဖုန်းလိုင်းအခက်အခဲကြောင့် ထပ်မေးမြန်းလို့ မရသေးပါဘူး။

သိန္နီနဲ့ ကွတ်ခိုင်ကြားမှာလည်း သြဂုတ်လ (၂၆) ရက်၊ မနက်ပိုင်းကစပြီး နှစ်ဖက်လက်နက် ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကွတ်ခိုင်တိုးဂိတ်ကိုမနက်ပိုင်းကစပြီး ပိတ်ထားခဲ့တာကနေ နေ့လည်ပိုင်းမှာတော့ အဆင်းကားတွေကိုတော့ ပြန်လည်ပေးလွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အတက်ကားတွေကိုတော့ ပိတ်ထားတဲ့အတွက် ကားအစီးရာကျော် ပိတ်မိနေတယ်လို့ ကွတ်ခိုင်ပရဟိတအသင်းတွေဆီက သိရပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်(၃)ဖွဲ့အနေနဲ့တော့ တပ်မတော်က အရပ်သားတွေရဲ့ကားကို အသုံးပြုမှုတွေရှိနေတာကြောင့် အရပ်သားတွေအနေနဲ့ သွားလာတဲ့အခါ သတိရှိဖို့လိုတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်ကတော့ ဒါဟာစွပ်စွဲတာသာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်။

“အဲဒီလိုထုတ်ပြန်တာဟာ ရည်ရွယ်ချက်ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တပ်ကနေပြီး အရပ်သားကား တွေအသုံးပြုပြီးသွားလာတာရှိ၊ မရှိ အွန်လိုင်းမှာလည်း တက်လာတာရှိပါလိမ့်မယ်။ ပိတ်မိနေတဲ့ကားသမားတွေ တင်ထားတဲ့ အွန်လိုင်းကဗွီဒီယိုဖိုင်တွေလည်းရှိတယ်။ ကျွန်တော်တို့အနေနဲ့ အသုံးပြုခြင်းမရှိပါဘူး။”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

အဲဒီလိုမျိုးထုတ်ပြန်တာဟာ အရပ်သားကားတွေကို နှောင့်ယှက်ချင်လို့ထုတ်ပြန်တာဖြစ်ပြီး ပြည်သူတွေအနေ နဲ့လည်း လမ်းကြောင်းအသုံးပြုတဲ့အခါ သတိရှိဖို့လိုတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တပ်မတော်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့ဟာ သြဂုတ်လ(၁၅) ရက်နေ့ကစလို့ ဒီနေ့အထိ တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်ပွားနေတာပါ။