ဒီချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အဂတိမှုနဲ့ အမှုဖွင့်

0
146
အဂတိ
အဂတိ

သြဂုတ်လ(၂၃)ရက်၊ ၂၀၁၉။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ဥပဒေပုဒ်မ(၅၆)နဲ့ အမှုဖွင့်လိုက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ကော်မရှင်က
ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ဦးကျော်မျိုးမင်းဟာ မိုးညိုမြို့နယ်ထဲက အင်းသားကြီး(၉)ယောက်ကို နောက်ထပ် အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမယ်လို့ ပြောပြီး ငွေတောင်းယူခဲ့တာကြောင့် စစ်ဆေးပေးဖို့ ကော်မရှင်ကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။

ဒါကြောင့် ကော်မရှင်က အဖွဲ့ဖွဲ့ပြီးစစ်ဆေးခဲတာမှာ ဦးကျော်မျိုးမင်းဟာ အင်းသားကြီးတွေဆီကနေ ငွေကျပ် (၃၅)သိန်းနဲ့ ငွေကျပ် (၃၂)သိန်းတို့ကို (၂)ကြိမ် တောင်းခံတာ ပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရဲ့ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ကြောင်းပေါ်ပေါက်ခဲ့တာကြောင့် မိုးညိုမြို့မရဲစခန်းမှာ ဒီနေ့ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လု့ိ သိရပါတယ်။

လွှတ်တော်တွေအကြောင်း ရေးသားဖော်ပြထားတဲ့ ပွင့်လင်းလွှတ်တော်မှာတော့ ဦးကျော်မျိုးမင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ O Media က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်ခဲ့ပေမဲ့လည်း အစည်းအဝေးထဲရောက်နေလို့ ဆက်သွယ်လို့မရသေးပါဘူး။