ဒီနေ့အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ဖို့ ကုလလူ့အခွင့်အရေးသံတမန် တိုက်တွန်း

0
22
O Media
O Media

အရေးယူ ပြစ်ဒဏ်ခတ်တာဟာ ပြေလည်နိုင်မယ့်နည်းလမ်းမဟုတ်ဘူးလို့ တရုတ်နဲ့ ရုရှားကန့်ကွက်

ဖေဖော်ဝါရီ (၁၂) ရက်၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် အရေးယူဒဏ်ခတ်မှုတွေပြုလုပ်ဖို့ အမေရိကန်နိုင်ငံနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး သံတမန်တို့က ဒီနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထူးအစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာပြုလုပ်ခဲ့တဲ့ အထူးအစည်းအဝေးမှာ အဲဒီလို တိုက်တွန်းခဲ့တာဖြစ်ပြီး တရုတ်နဲ့ ရုရှားကတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူတာဟာ အခုဖြစ်နေတဲ့ ပြဿနာတွေကို မပြေလည်နိုင်စေဘူးလို့ ပြောခဲ့ပါတယ်။

UN လူ့အခွင့်အရေး ကောင်စီအစီတင်ပြသူ သောမတ်စ်အန်ဒရူးကတော့ ဆန္ဒပြသူတွေကို သေစေနိုင်တဲ့ လက်နက်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် သက်သေအထောက်အထားတွေရထားပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ပြတ်သားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လုပ်နိုင်သမျှလုပ်သွားဖို့ ပြင်ဆင်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အန်ဒရူးက အာဏာသိမ်းအစိုးရဟာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းနေပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ မညီညွတ်ဘဲ အကြမ်းဖက်နှိမ်နင်းနေလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း အမေရိကန်လို ပြတ်သားတဲ့အရေးယူမှုတွေကို အဖြစ်နိုင်ဆုံးလုပ်ဆောင်သွားသင့်တယ်လို့ တင်ပြခဲ့ပါတယ်။

ဒီတောင်းဆိုမှုမှာ စစ်အာဏာသိမ်းအစိုးရကို ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာတွေ အပါအဝင် ခရီးသွားလာခွင့်ပိတ်ပင်မှုတွေ၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ဒါမှမဟုတ် နိုင်ငံတကာခုံရုံအထိတင်ပြီး တရားစွဲ အရေးယူတာတွေ လုပ်ဆောင်သင့်တယ်လို့ သောမတ်စ်အန်ဒရူးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူဖို့ကိုတော့ ဗြိတိန်နဲ့ အီးယူတို့က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးမှုမှာတော့ ဒေါ်အောင်ဆန်းဆုကြည်ကို လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့တွေကို မြန်မာနိုင်ငံထဲ သွားရောက်လေ့လာခွင့်ပေးဖို့အရေးအတွက် အဓိကဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေကတော့ မြန်မာစစ်အာဏာသိမ်းမှုနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ အရေးယူပိတ်ဆို့မှုလုပ်တာတွေဟာ အဖြေမှန်မဟုတ်ဘူးလို့ တင်ပြသွားခဲ့ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက သက်ဆိုင်ရာပါတီတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး ပုံမှန် အခြေအနေရောက်စေဖို့ အဆင်ပြေမယ့်အခြေအနေကိုပဲ လိုလားပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေက သူတို့ ပြည်တွင်းရေးပါပဲ။”လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ရူက ပြောပါတယ်။

အမေရိကန်နိုင်ငံ ကိုယ်စားပြုတက်ရောက်တဲ့တာဝန်ခံ Mark Cassayre ကတော့ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပူးပေါင်းပြီး စစ်အစိုးရကို အာဏာသိမ်းမှုအတွက် တာဝန်ခံခိုင်းဖို့၊ ပစ်မှတ်ထားပိတ်ဆို့မှုတွေကို လုပ်ဆောင်သွားဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးမြင့်သူကတော့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံထဲမှာ ဒီမိုကရေစီ ကူးပြောင်းရေးကို နှောင့်နှေးကြန့်ကြာစေတာတွေ မဖြစ်စေချင်ဘူးလို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူတာတွေ မလုပ်သေးဘဲ ဆက်သုံးသပ်ဦးမယ်လို့ ပြောခဲ့ပေမဲ့ အမေရိကန်ကတော့ သူနဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်သိမ်းပြီး စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေကိုလည်း စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။

Ref : Reuters