ဒုရဲမှူးဟောင်း မိုးရန်နိုင် NLD ကနေ ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ဖို့ကြိုးစားခဲ့ပေမဲ့ မဲခွဲချိန်ရှုံးနိမ့်

0
35
O Media
O Media

Photo : AFP

ဇွန်(၁၅)ရက်၊ ၂၀၂၀။

ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ NlD ပါတီကနေစစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ဖို့ လျှောက်ထားခဲ့ပေမဲ့ မဲခွဲဆုံးဖြတ်မှုအရ ဦးစားပေးအမတ်လောင်းစာရင်းထဲမပါသွားဘူးလို့ သူ့ဆီကသိရပါတယ်။

သူဟာပြီးခဲ့တဲ့ ဇွန်လ(၈)ရက်နေ့က ခင်ဦးမဲဆန္ဒနယ်(၂)ကနေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ခဲ့တာဖြစ်ပြီး ဇွန်လ(၁၃)ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့တဲ့အချိန် ရှုံးနိမ့်ခဲ့တာလို့သိရပါတယ်။

“ကိုယ့်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ယုံကြည်တာက တစ်ပိုင်း၊ ဒေသရဲ့အကျိုးတွေ၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်ထိထိရောက်ရောက်ပါဝင်နိုင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်သလို လက်ရှိ NlD အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် အားရတဲ့အချက်တွေရှိသလို အားမရတဲ့အချက်တွေရှိနေတဲ့အတွက် ဝင်ရောက်လျှောက်ထားတာ။” လို့ ဒုရဲမှူးဟောင်းမိုးရန်နိုင်က O Media ကိုပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို မဲခွဲဆုံးဖြတ်ခဲ့တဲ့အခါမှာတော့ အခုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းက(၁၀) မဲ၊ ဦးအောင်နိုင်ဝင်း(၁၀)မဲ၊ ဦးမိုးရန်နိုင်(၄)မဲရရှိခဲ့တာကြောင့် ဦးစားပေးစာရင်းထဲ မပါဝင်တာလို့သိရပါတယ်။

ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ရခိုင်ကအင်းဒင်ကျေးရွာလူသတ်မှုနဲ့ပတ်သက်ပြီး ရိုက်တာသတင်းထောက် (၂)ယောက်နဲ့တွေ့ဆုံခဲ့တဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့အရေးယူခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ ၂၀၁၈ ခုနှစ် ဧပြီလတုန်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁)နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၁၉၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာပြန်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။