ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေကို တိုင်းဧရာကမြို့(၃)မြို့မှာ ထောင်ဒဏ်ဆက်တိုက်ချမှတ်

0
23
O Media
O Media

ဇွန်(၁၂)ရက်၊ ၂၀၂၀။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(က)နဲ့ တပ်မတော်ကတရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်(၃)ယောက်ကို ဒီနေ့ဇွန်လ(၁၂)ရက်နေ့မှာလည်း ဒေးဒရဲမြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ်(၁)နှစ်အမိန့်ချမှတ်လိုက်ပါတယ်။

ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ကို ဧရာဝတီတိုင်း၊ ဒေးဒရဲ မြို့နယ်တရားရုံးမှာ ဒီနေ့အမိန့်ချမှတ်ခဲ့တာပါ။

သူတို့(၃)ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ပဲ ပြီးခဲ့တဲ့ဇွန်လ(၁၀)ရက်နေ့မှာ ဖျာပုံမြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် (၁)နှစ်၊ ဇွန်လ(၁၁)ရက်နေ့မှာ မအူပင်မြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် (၁)နှစ်စီချမှတ်ခဲ့ပါသေးတယ်။

သူတို့(၃)ယောက်အပြင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့နဲ့ ရန်ကုန်နဲ့ဧရာဝတီတိုင်းမှာတရားစွဲထားတဲ့ အမှု(၈)မှုရှိပြီး အမှု(၇)မှုကိုအမိန့်အသီးသီး ချမှတ်ပြီးသွားပါပြီ။

နောက်ဆုံးကျန်နေတဲ့အမှုကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတဲ့ ပုသိမ်မြို့နယ်တရားရုံးက အမှုတစ်ခုပဲကျန်ပါတော့တယ်။