နှစ်ဖက်တိုက်ပွဲဖြစ်ရင် ပြည်သူတွေကိုဓါးစာခံမလုပ်ဖို့အဆို ရခိုင်လွှတ်တော်အတည်ပြု

0
212
ရခိုင်ပြည်နယ်လွှတ်တော်ကျင်းပနေစဉ်
O Media-ရခိုင်ပြည်နယ်လွှတ်တော်

PHOTO: ရခိုင်ပြည်နယ်လွှတ်တော် ကျင်းပနေစဉ် – ဦးအောင်ကျော်ထွီး
စက်တင်ဘာလ(၃၀)ရက်၊ ၂၀၁၉။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားရင် ပြည်သူတွေကို ဓါးစာခံမလုပ်ကြဖို့ ရခိုင်ပြည်နယ်လွှတ်တော်က ဒီနေ့စက်တင်ဘာလ(၃၀)ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သင်းက စက်တင်ဘာလ(၂၇)ရက်မှာ အဆိုတင်သွင်းခဲ့တာဖြစ်ပြီး စက်တင်ဘာလ(၃၀)ရက်မှာ ကိုယ်စားလှယ်(၆)ယောက်က ဆွေးနွေးခဲ့ပြီးတော့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

“ဒီအဆို အတည်ဖြစ်ပြီဆိုတော့ ရခိုင်ပြည်နယ်အစိုးရက လုပ်ရမယ့်တာဝန်ဖြစ်သွားလို့ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ ပြည်သူလူထုအပေါ်ကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို ကာကွယ်ပေးနိုင်ဖို့ အစီအမံတွေကို လုပ်ပေးရမှာဖြစ်ပါတယ်။ လုပ်ပေးဖို့ကိုလည်း ကျွန်တော်အနေနဲ့ တိုက်တွန်းလိုပါတယ်။”လို့ ဦးထွန်းအောင်သင်းက O Media ကို ပြောပါတယ်။

အခုတိုက်ပွဲတွေကြောင့် ရခိုင်ပြည်သူလူထုဟာ စစ်ဘေးရှောင်နေရတာ၊ ထိခိုက်ဒဏ်ရာရနေကြတာနဲ့ သေဆုံးသူတွေရှိနေတာကြောင့် ဒါတွေမဖြစ်စေဖို့အပြင် ပြည်သူလူထုကို သံသယနဲ့ဖမ်းဆီးပြီး ခေါ်ယူစစ်ဆေးတာတွေ မရှိစေဖို့ အဆိုတင်ခဲ့တာလို့ သိရပါတယ်။

“သံသယနဲ့ဖမ်းဆီးတာတွေကြောင့် သူတို့ရဲ့ရပိုင်ခွင့်တွေ၊ ပညာရေးတွေ၊ ကျန်းမာရေးတွေအကုန်လုံး ဆုံးရှုံးခံနေရတယ်။ သူတို့အနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိသွားတယ်။ အဲဒီအတွက်ကြောင့် သူတို့နစ်နာတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဒါတွေကို ကာကွယ် ပေးသင့်ပါတယ်။”လို့ ဦးထွန်းအောင်သင်းက ပြောပါတယ်။

အဲဒီအဆိုနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဒီကိစ္စဟာ ပြည်ထောင်စုအစိုးရက ဆောင်ရွက်တဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်အစိုးရမှာ တာဝန်မရှိတဲ့အတွက် ဒီအဆိုကို မှတ်တမ်းတင်သင့်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေဖြစ်ပွားရင် ပြည်သူတွေကို ဓါးစာခံမလုပ်ကြဖို့၊ ရှောင်ပြီးတော့ သူတို့ဘာသာသူတို့ဖြစ်ကြဖို့၊ ပြည်နယ်အစိုးရက အစီအမံတွေလုပ်ပေးဖို့ဆိုတဲ့ အဆိုတစ်ခုကို အတည်ပြုပါတယ်။”လို့လည်း ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက O Media ကို ပြောပါတယ်။

အခု တပ်မတော်နဲ့ AA တို့ရဲ့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောင်ဦးရေဟာ (၆)သောင်းကျော် အထိရှိနေပြီး ဖမ်းဆီးခံရသူဟာ(၂၀၀)ကျော်အထိရှိလာနေပြီလို့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာတော့ ပြည်သူတွေကို အမည်မသိလက်နက်ကိုင်ထားတဲ့လူတွေကသေနတ်နဲ့ လာရောက်ပစ်သတ်တာ၊ တပ်မတော်က သံသယဖြစ်လို့ ဖမ်းဆီးစစ်ဆေးတဲ့အချိန် သေဆုံးတာတွေနဲ့ တိုက်ပွဲကြောင့် သေဆုံးတဲ့သူတွေ ရှိနေပါတယ်။