ပဲခူးမှာ ခွေးကိစ္စ စကားများရာကနေ ခွေးပိုင်ရှင် ဓါးနဲ့အထိုးခံရလို့ သေဆုံး

0
212
သက်ငယ်မုဒိမ်း
သက်ငယ်မုဒိမ်း

ဇွန်လ(၂၈)ရက်၊ ၂၀၁၉။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်မှာ အရက်မူးလာတဲ့သူတစ်ယောက်နဲ့ ခွေးပိုင်ရှင်
ဖြစ်သူတို့ဟာ ဇွန်လ(၂၇)ရက် ည(၇) နာရီလောက်က ခွေးကိစ္စနဲ့ စကားများရန်ဖြစ်ရာကနေ ခွေးပိုင်ရှင်ဟာ
ဓါးနဲ့ အထိုးခံရပြီး သေဆုံးသွားခဲ့တယ်လို့ ပဲခူးမြို့မ ရဲစခန်းက သိရပါတယ်။

“လူသတ်မှုကျူးလွန်သူက ထွက်ပြေးသွားတော့ ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ခွဲပိတ်ဆို့ ရှာဖွေဖမ်းဆီးတာ ည(၁) နာရီ ထိုးမှ ဖမ်းဆီးရမိခဲ့ပါတယ်။”လို့
ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက် ဆယ်အိမ်မှူးက ပြောပါတယ်။

ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ စီမံကိန်း (၅)လမ်းမှာ နေထိုင်တဲ့ အသက် (၂၇) နှစ်အရွယ် ကိုဇော်အောင်ဟာ အရက်သောက်မူးလာရာကနေ “ဒီလမ်းကခွေးတွေကိုက်ရင် ခွေးကို သတ်ပစ်မယ်။ ခွေးပိုင်ရှင်က တာဝန်ယူရမယ်”လို့ အော်ဟစ်ပြောနေတုန်း တစ်ရပ်ကွက်တည်းအတူနေတဲ့ ဦးအောင်သူက “မင်းဘာဖြစ်နေသလဲ”လို့ မေးတာကနေ တစ်ယောက်နဲ့ တစ်ယောက် စကားများရန်ဖြစ်ပြီး ဇော်အောင်က အသင့်ပါလာတဲ့ ဓါးမြှောင်နဲ့ ထိုးခဲ့တာလို့ သိရပါတယ်။

ဓါးမြှောင်နဲ့ ထိုးပြီး ထွက်ပြေးသွားခဲ့လို့ ခွေးပိုင်ရှင် ဦးအောင်သူဟာ ထိုးသွင်းဒဏ်ရာတွေနဲ့ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကို တင်ပို့ကုသတဲ့အချိန် သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

“သေဆုံးသူနဲ့ လူသတ်မှုကျူးလွန်သူက နှစ်အိမ်ကျော်လောက်မှာ နေတာပါ။ မူးပြီး ပြန်လာတဲ့အချိန်
ခွေးဟောင်လို့ အော်ဟစ်ကြိမ်းမောင်းရာက ခွေးရှင်က ခွေးကိုက်မိတယ်ထင်ပြီး မေးမြန်းရာကနေစကားများပြီး လူသတ်မှုဖြစ်ပွားခဲ့တာပါ။”လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်က ဆယ်အိမ်မှူး တစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဓါးနဲ့ ထိုးသတ်ခဲ့သူ ကိုဇော်အောင်ကို ပဲခူးမြို့မ ရဲစခန်းက (ပ)၁၇၆၀/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ၊ ၃၀၂ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။