ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ဘူးလို့ အတိုင်ပင်ခံပြော

0
71
O Media
O Media

ဇန်နဝါရီလ(၂၈)ရက်၊ ၂၀၂၁။

ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက်ပါတယ်။

ကိုဗစ်နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဇန်နဝါရီလ (၂၈) ရက်နေ့ ညပိုင်းမိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့တာပါ။

“ကျွန်မတို့ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဒီလို ဒီအထိ တစ်ဆင့်ပြီးတစ်ဆင့်ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ ပြည်သူသာအဓိကဆိုတာ ထပ်တလဲလဲပြောပါတယ်။ ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ပါဘူး။”လို့ အတိုင်ပင်ခံက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အချိန်မှာ သုံးပုံ တစ်ပုံလောက်ဟာ ဘေးထွက်ဆိုးကျိုးအနည်းငယ် ဖြစ်တတ်ပြီး (၁၂)နာရီ အကြာလောက်မှာ ပျောက်သွားတာကို တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ပတ်သက်လို့ အခုအချိန်ထိ စုစုပေါင်း ကျပ်ဘီလီယံ (၂၆၀၀)ကျော်အသုံးပြုထားပြီး လိုအပ်သလို ထပ်သုံးသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။

ဇန်နဝါရီလ(၂၈)ရက်နေ့ ညပိုင်းအထိ ကြေညာချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ တစ်သိန်းလေးသောင်းနီးပါးရှိနေပြီး အဲဒီထဲမှာ ဆေးရုံကဆင်းခွင့်ရသူ တစ်သိန်းနှစ်သောင်းကျော်နဲ့ သေဆုံးသူ သုံးထောင်ကျော်ရှိနေပါတယ်။