ဘင်္ဂလားဒေ့ရှ်က နယ်စပ်ကိစ္စ မြန်မာကိုသတိပေးမှုအပေါ် မြန်မာကပြန်သတိပေး

0
34
O Media
O Media

Photo : Google Maps

စက်တင်ဘာ(၁၈)ရက်၊ ၂၀၂၀။

နယ်စပ်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်က သတိထောက်လွှာပေးအပ်တာကို မြန်မာဘက်ကလည်း သတိထောက်လွှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က စက်တင်ဘာ(၁၇)ရက်နေ့ ညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကို နှစ်နိုင်ငံနယ်နိမိတ်နားမှာ မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ စက်တင်ဘာလ(၉)ရက်နေ့မှာ သတိထောက်လွှာပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စက်တင်ဘာ(၁၇)ရက်နေ့မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနဲ့ လေ့ကျင့်ရေးဦးစီးဌာန ညွှန်ချုပ်ဦးအောင်မြင့်က မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury ကို ခေါ်ယူပြီးတော့ သတိထောက်လွှာပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ နယ်ခြားဆက်ဆံရေးရုံးတွေကြား ညှိနှိုင်းအစည်းဝေးကျင်းပဖို့ မြန်မာဘက်က(၃)ကြိမ် အဆိုပြုခဲ့ပေမဲ့(၂)ကြိမ် အကြောင်းပြန်ကြားတာမရှိသလို နောက်ဆုံးအကြိမ်မှာ ကိုဗစ်အကြောင်းပြပြီး ဆွေးနွေးဖို့ အဆင်မပြေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က အကြောင်းပြန်တာနဲ့ပတ်သက်ပြီးတော့လည်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို သတိထောက်လွှာတစ်စောင် ပြန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က သတိထောက်လွှာအပေါ်မှာတော့ နှစ်နိုင်ငံနယ်စပ်နားက မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံမှန်လှုပ်ရှားမှုဖြစ်သလို မြန်မာပိုင်နက်ထဲမှာသာဆောင်ရွက်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ခြိမ်းခြောက်မှုပြုတာမဟုတ်ဘူးလို့ ညွှန်ချုပ်ဦးအောင်မြင့်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့တော့ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ထူထောင်ထားတဲ့ နယ်ခြားဆက်ဆံရေးရုံးအချင်းချင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းသွားဖို့ အသင့်ရှိတယ်လို့လည်း ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။