ဘီလင်းမြစ်သာမက တစ်ခြားမြစ်တွေပါ စိုးရိမ်ရေမှတ်ကိုရောက်နိုင်တယ်လို့ မိုးဇလသတိပေး

0
159
ဘီးလင်းစိုးရိမ်ရေမှတ်
ဘီးလင်းစိုးရိမ်ရေမှတ်

ဇူလိုင်လ(၉) ရက်၊ ၂၀၁၉။

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ဘီးလင်းမြစ်ရေဟာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဇူလိုင်(၉)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီလိုအခြေအနေကြောင့် ဘီးလင်းမြို့မှာ ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားပြီး အနိမ့်ပိုင်းရပ်ကွက်မှာနေ ထိုင်တဲ့မိသားစုတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ကယ်ဆယ်ရေးစခန်းကို ပြောင်းရွေ့နေရာချထား ပေးနေတယ်လို့ သိရပါတယ်။

“စိုးရိမ်ရေအမှတ်ကိုရောက်ဖို့ (၂) ပေလောက်ပဲ လိုတော့တယ်။ ဒီအတိုင်း အပေါင်း(၂ )စင်တီမီတာနဲ့ တက်သွားရင်တော့ မနက်ဖြန်လောက် စိုးရိမ်ရေအမှတ်ကို ရောက်သွားနိုင်ပါတယ်။ မြစ်ရေက စိုးရိမ်ရေ အမှတ်ရောက်လာပြီ်ဆိုတော့ တချို့နေရာတွေမှာလည်း ရေဝင်ရောက်လာတာတွေရှိနေပါတယ်။”လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက O Media ကိုပြောပါတယ်။

ဘီးလင်းမြစ်ရေ စိုးရိမ်အမှတ်ဟာ (၁၀၂၂)စင်တီမီတာဖြစ်ပြီး ဇူလိုင်လ(၉) ရက်မှာ ဘီးလင်းမြစ်ရေဟာ (၉၇၇) အထိရောက်ရှိနေတာကြောင့် အိမ်ထောင်စု (၂၃) စု၊ လူဦးရေ(၁၀၄)ယောက်ကို ကယ်ဆယ်ရေးစခန်း(၄)ခုမှာ
ပြောင်းရွှေ့ပေးထားတယ်လို့ ဘီလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

အဲဒီကယ်ဆယ်ရေးစခန်းတွေကတော့ ဘီးလင်းမြို့ပေါ်က ဓမ္မဝိဟာရဘုန်းကြီးကျောင်း၊ မြို့နယ် တ.စ.ညရုံး၊ မြို့ ဦးဘုန်းကြီးကျောင်းနဲ့ ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးမှာ ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အခု ပြည်နယ်အစိုးရနဲ့ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးပိုင်းကတော့ သွားလာရေးခက်ခဲပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နိုင်တဲ့ ကျေးရွာတွေကိုလည်း ဆန်း၊ ဆီ၊ ဆား၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ငါးသတ္တာတွေကို ကြို တင်ပေးပို့နိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အခု ဘီးလင်းမြစ်ရေအပြင် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေတွေဟာလည်း ပြီးခဲ့တဲ့လတွေက မိုးကောင်းကောင်း မရခဲ့လို့ မမြင့်တက်ခဲ့ပေမယ့် အခုရက်ပိုင်းတွေမှာတော့ တဖြည်းဖြည်းမြင့်တက်လာနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သိရပါတယ်။

“ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်တွေလည်း မကြာမီရက်ပိုင်းမှာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိလာနိုင်လို့ ဒေသခံတွေ အနေနဲ့ သတိထားဖို့လိုပါတယ်။ လောလောဆယ်တော့ စိုးရိမ်ရေအမှတ်ကိုမရောက်သေးပါဘူး။ မိုးလယ်ကာလ ခန့်မှန်းချက်မှာတော့ အဲဒီမြစ်တွေလည်း ပါတယ်။”လို့ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောပါတယ်။

မွန်၊ ကရင်နဲ့ ရခိုင်ပြည်နယ်တွေ မိုးများခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ချောင်း၊ မြောင်း၊ မြစ်ရေတွေဟာ မြင့်တက်လာနေပြီး မြောက်ဦးမြို့နယ်က လေးမြို့မြစ်ရေဟာလည်း စိုးရိမ်ရေအမှတ်အလို (၂)ပေခွဲမှာရောက်ရှိနေတာကြောင့် နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာက ထုတ်ပြန်ထားပါတယ်။