ဘီးလင်းအမှတ်(၂၂) တာယာစက်ရုံမှာ ကိုဗစ်လူနာ(၁၀)ယောက်အထိ ရှိလာလို့ စက်ရုံယာယီပိတ်

0
31
O Media
O Media

Photo : Google Maps

စက်တင်ဘာ(၁၈)ရက်၊ ၂၀၂၀။

မွန်ပြည်နယ်၊ ဘီးလင်းမြို့က အမှတ်(၂၂) တာယာစက်ရုံမှာ ကိုဗစ်လူနာ(၁၀)ယောက်အထိတွေ့လာတဲ့အတွက် ဒီနေ့စက်တင်ဘာလ (၁၉)ရက်မနက်(၈)နာရီကစပြီး Lockdown လုပ်လိုက်ပြီလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။

“ဒီလ(၁၄)ရက်နေ့မှာ တာယာစက်ရုံရဲ့လိုင်း(၃)မှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ယောက်က အနံ့ပျောက်တဲ့အတွက် သက်ဆိုင်ရာတွေက ဆက်သွယ်လာပြီးတော့ သူ့ကိုစစ်ဆေးတဲ့အခါမှာ ပြီးခဲ့တဲ့နှစ်ရက်က ပိုးတွေ့တယ်။ သူနဲ့ထိတွေ့ခဲ့တဲ့လူ(၁၈)ယောက်နဲ့ Hospital Quarantine (၃)ယောက်ကို စစ်ဆေးလိုက်တဲ့အခါမှာ ဒီနေ့မနက်မှာ(၉)ယောက်မှာ ပိုးတွေ့ခဲ့လို့ စက်ရုံကို အဝင်အထွက်ကန့်သတ်လိုက်တဲ့သဘောပါ။” လို့ ဘီးလင်းမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက O Media ကိုပြောပါတယ်။

အဲဒီတာယာစက်ရုံက ပထမဆုံးပိုးတွေ့ခဲ့တဲ့လူနာဟာ ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့ ထိတွေ့ထားတာမရှိတဲ့သူ ဖြစ်တယ်လို့လည်း သူကပြောပါသေးတယ်။

“ကျွန်တော်တို့စက်ရုံကို (၁၆) ရက်နေ့ထဲကပိတ်ထားတာပါ။ စက်ရုံဝန်ထမ်းတွေကတော့ Quarantine ဝင်နေတဲ့ လူတွေနဲ့ အိမ်မှာအသွားအလာကန့်သတ်ခံထားရတဲ့သူတွေနဲ့ ဖြစ်နေပါတယ်။” လို့အမှတ်(၂၂)ဘီးလင်းတာယာစက်ရုံ စက်ရုံမှုးဦးကိုကိုနိုင်က O Media ကိုပြောပါတယ်။

အဲဒီစက်ရုံဟာ အစိုးရပိုင်ဖြစ်ပြီး ပုဂ္ဂလိကကို ငှားရမ်းထားတဲ့စက်ရုံပါ။

အဲဒီစက်ရုံမှာ အစိုးရဝန်ထမ်း(၁၂၇)ယောက်နဲ့ ကုမ္ဗဏီဝန်ထမ်း(၄၄၅)ယောက် စုစုပေါင်းဝန်ထမ်း (၅၇၂)ယောက် ရှိပြီး နိုင်ငံဝန်ထမ်းတွေအတွက် အစိုးရလစာပုံမှန်ပေးမှာဖြစ်ပြီး ကုမ္ဗဏီဝန်ထမ်းတွေအတွက် လစာတွေကိုတော့ စက်ရုံရဲ့ဒါရိုက်တာတွေက အစည်းအဝေးလုပ်နေတယ်လို့ သူကပြောပါသေးတယ်။

ဒီနေ့စက်တင်ဘာလ(၁၈)ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ(၄၂၉၉)ယောက်ရှိပြီး အဲဒီထဲမှာ ပြန်သက်သာလာတဲ့သူ(၉၄၄)နဲ့ သေဆုံးသူ(၆၁)ယောက်ရှိနေပါပြီ။