မိတ္ထီလာမှာ အိပ်ပျော်နေတဲ့ရဲတွေဆီကခိုးခံလိုက်ရတဲ့သေနတ်ကို ပြန်ရှာတွေ့ပြီ

0
226
O Media
O Media

Photo : Khin Ko Latt

ဇူလိုင်(၁၅)ရက်၊ ၂၀၂၀။

မိတ္ထီလာမြို့မရဲစခန်း၊ ဓမ္မာရုံထဲမှာ အိပ်ပျော်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေဆီကနေ ခိုးယူခံရတဲ့သေနတ်နဲ့ ဖုန်း(၆)လုံးကို ဇူလိုင်လ(၁၄)ရက်၊ ည(၁၁)နာရီဝန်းကျင်က သိမ်းဆည်းရမိထားပြီလို့ မိထ္ထီလာမြို့မရဲစခန်းကသိရပါတယ်။

အဲဒီသေနတ်နဲ့ ဖုန်းတွေကိုမိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်က ဘုန်းမြင့်နိုင်(ခ)ကိုဘုန်းရဲ့ နေအိမ်မှာရှာတွေ့ခဲ့တာလို့ သိရပါတယ်။

“တွေ့တာဟုတ်တယ်။ အခုကျွန်တော်အလုပ်ရှုပ်နေလို့ နောက်မှဖုန်းပြန်ဆက်ပါ။”လို့ မိထ္ထီလာမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဝင်းက O Media ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ အဲဒီအိမ်ကိုသွားရောက်စစ်ဆေးတဲ့အချိန် ဘုန်းမြင့်နိုင်ကို မတွေ့ခဲ့ရပေမဲ့ မိခင်ဖြစ်သူကိုတွေ့ခဲ့ပြီး သားဖြစ်သူအပ်ထားတဲ့သေနတ်ကို ယူဆောင်ခဲ့ပေးတယ်လို့ သိရပါတယ်။

ဒါကြောင့် ဘုန်းမြင့်နိုင်(ခ)ကိုဘုန်း(၂၂)နှစ်ကို ရှာဖွေဖမ်းဆီးချိန် ရန်မျိုးအောင်ရပ်ကွက် (၅)လမ်းမှာ သိန်းပြည့်စုံ(ခ)ငသိန်း(၁၉)နှစ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့မရဲစခန်းဝင်းထဲက ဓမ္မာရုံမှာအိပ်ပျော်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီကနေ ဖုန်း(၆)လုံးနဲ့ သေနတ်(၁)လက် ဇွန်လ(၉)ရက်နေ့က ခိုးယူခံခဲ့ရတာဖြစ်ပြီး လက်နက်မှု၊ ခိုးမှုတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။