မီတာခတိုးကောက်လိုက်တဲ့အတွက် ရင်းနှီးမြုပ်နှံသူတွေများလာနိုင်

0
221
မီတာခ
မီတာခ

ဇွန်လ(၂၇)ရက်၊ ၂၀၁၉။

မီတာခတိုးကောက်လိုက်တဲ့အတွက် လျှပ်စစ်ဓာတ်အားပေးမယ့် ရင်းနှီးမြုပ်နှံသူတွေ စိတ်ဝင်စားဖို့
မျှော်လင့်မိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ဒီနေ့
ဇွန်လ(၂၇)ရက်နေ့ တိုင်းလွှတ်တော်မှာပြောလိုက်ပါတယ်။

“ထုတ်လုပ်ဖြန့်ဖြူးတဲ့သူတိုင်း ၊ရင်းနှီးမြုပ်နှံတဲ့သူတိုင်းက ဘယ်အချက်ကိုပဲ အဆင်မပြေသွားလဲဆိုရင် သူတို့ထုတ်လုပ်ပြီးတဲ့ အခါမှာထုတ်လုပ်တဲ့ ကုန်ကျစရိတ်ကို မှီလောက်အောင် ကျွန်တော်တို့ကငွေပြန်မပေးနိုင်ဘူး။ ကျွန်တော်တို့ရဲ့ မီတာခများဟာ အင်မတန်နည်းနေတယ်ဆိုတာ အမြဲတမ်းပဲကျွန်တော်တို့ကိုပြောသွားတယ်။” လို့ ဝန်ကြီးဦးမြင့်သောင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်တော့ လျှပ်စစ်ဓာတ်အားဟာ တစ်နှစ်ပြီးတစ်နှစ်ပိုလိုလာပြီးနှစ်စဉ်
လျှပ်စစ်ကီလိုဝပ် ၁၅၀၀ ကျော်ကနေ ၁၆၀၀ ပတ်ဝန်းကျင်လောက် ကုန်နေတယ်လို့ ဝန်ကြီးရဲ့
ပြောပြချက်အရ သိရပါတယ်။

“ကျွန်တော်တို့ဆီကိုလာပြီးတော့ ဆွေးနွေးတဲ့ ရင်းနှီးမြုပ်နှံသူတွေအားလုံးထဲမှာ(၃၀)ရာခိုင်နှုန်း လောက်က လျှပ်စစ်ထုတ်လုပ်ချင်တဲ့သူတွေချည်းပဲ။ ဒါပေမယ့်နောက်ဆုံးမှာအဆင်မပြေခဲ့တာက သူတို့ကို ပြန်ပေးမယ့် နှုန်းထားပါ ။ဒါကြောင့်မို့လို့ဒီနှုန်းထားမြင့်ရင် ရင်းနှီးမြုပ်နှံသူတွေစိတ်ဝင်စားလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။” လို့လည်း ဝန်ကြီးက ပြောပါတယ်။

အခုလာမယ့် ဇူလိုင်လ(၁)ရက်နေ့ကနေစပြီး မီတာခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံတော့မယ်ဆိုပြီး
အစိုးရက ဇွန်လ(၂၅)ရက်နေ့တုန်းက ကြေညာခဲ့တာဖြစ်ပါတယ်။

စတင်ပြောင်းလဲကောက်ခံမယ့် မီတာခတွေကတော့ အိမ်သုံးတွေမှာ အမြင့်ဆုံး မီတာခယူနစ် ၂၀၀ ကျော်ရင်
တစ်ယူနစ်ကို ၁၂၅ ကျပ်နဲ့ စတင်ကောက်ခံမှာ ဖြစ်ပြီး အိမ်သုံးမဟုတ်တဲ့အမျိုးအစားမှာတော့ အမြင့်ဆုံး
အဖြစ် မီတာခယူနစ် တစ်သိန်းကျော်ရင် တစ်ယူနစ်ကို ကျပ်(၁၈၀)နဲ့ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေအထွေအတွင်းရေးမှူး(၁)စိုင်းလိတ်ကတော့
NLD အစိုးရအနေနဲ့ အခုလို မီတာခတိုးကောက်တာကို ခပ်စောစောလုပ်လိုက်တာဟာ ၂၀၂၀ အတွက်
ပိုပြီးတော့ ဘေးကင်းသွားတယ်လို့ ပြောပါတယ်။

“ဒီလိုမဟုတ်ဘဲနဲ့ နောက်ထပ်ခြောက်လလောက်မှ သွားလုပ်ရင်တော့ သူ့အတွက် အရမ်းထိခိုက်မှာပေါ့နော်။
အခုတော့ နည်းနည်းလေး အဆင်ပြေသေးတယ်လို့ ပြောလို့ရပါတယ်” လို့ စိုင်းလိတ်က ပြောပါတယ်။

အဲဒီလို မီတာခပြောင်းလဲကောက်ခံလိုက်တဲ့အတွက် မကြာခင်ကာလမှာ ကုန်ဈေးနှုန်းတက်လာမှာကို
ပြည်သူတွေအနေနဲ့စိုးရိမ်နေကြပြီး ကုန်ပစ္စ္စည်းဈေးနှုန်းတွေမှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိလာမယ်ဆိုပြီးတော့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

“ကျွန်တော်တို့ဟာ လာမယ့်ရွေးကောက်ပွဲအတွက်ပဲ ကြည့်ပြီး လုပ်မှာမဟုတ်ပါဘူးနိုင်ငံ့အတွက် ရေရှည် အကျိုးရှိမယ်ဆိုရင် ကျွန်တော်တို့ ဝေဖန်ခံရမယ့် အလုပ်တွေဆိုရင်လည်း ကျွန်တော်တို့ လုပ်သွားမှာပါလို့ ရှင်းရှင်းလင်းလင်းပြောပြီးသားပါ။ ကျွန်တော်တို့ အကုန်လုံးကို ထပ်ပြီးစဉ်းစားသွားမှာပါစဉ်းစားပြီးတော့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာကို ပြည်သူတွေကို အရင်ဆုံးချပြသွားမှာဖြစ်ပါတယ်” လို့ NLD ရဲ့
ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က O Media ကို ပြောထားပါသေးတယ်။

အဲဒီလို မီတာခတွေ တိုးကောက်ရတာဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတဲ့အခါ ရေရှည်မှာ တိုးတက်
ကောင်းမွန်စေဖို့၊ တိုးချဲ့ဆောင်ရွက်ဖို့နဲ့ လျှပ်စစ်မီးမရသေးတဲ့ ဒေသတွေကို မီးပေးနိုင်အောင် ပြင်ဆင်
သတ်မှတ်လိုက်တာလို့ အစိုးရကကြေညာထားပါတယ်။