မိုးရေးမြို့မှာ မီးရှို့ဆန္ဒပြမှုတွေဖြစ်ပြီးတဲ့နောက် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ပြန်ဖွင့်

0
172
နယ်စပ်ကုန်သွယ်ရေး
နယ်စပ်ကုန်သွယ်ရေး

သြဂုတ်လ(၂၃)ရက်၊ ၂၀၁၉။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့မှာ မီးရှို့ဆန္ဒပြတာတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကို ဒီနေ့ သြဂုတ်လ(၂၃)ရက်နေ့မှာ အန္ဒိယဘက်ကပြန်ဖွင့်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်မာဘက်ခြမ်း တမူးမြို့၊ နန်းဖာလုံဈေးဘက်ကနေ မိုးရေးမြို့ကို ပို့တဲ့ပစ္စည်းတွေအပေါ် လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးနေတာကို မကျေနပ်လို့ဆိုပြီး မိုးရေးမြို့ဒေသခံတွေက အိန္ဒိယနယ်ခြားစောင့်တပ်ရင်းမှူးကို သြဂုတ် ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

“ပြန်ဖွင့်တာဟုတ်တယ်။ ဂိတ်ဖွင့်ချိန်မနက်ပိုင်း(၈)နာရီပြန်ဖွင့်တယ်။ ပိတ်တာတော့မဟုတ်ဘူး။ ဘယ်သူမှအသွား အလာမရှိတာ။ မိုးရေးဘက်မှာဆန္ဒပြနေတော့ အန္တရာယ်ရှိလို့ အသွားမလာမလုပ်ကြတာပါ။ မနေ့ကတော့ ကုန် စည်စီးဆင်းတာရှိကို မရှိခဲ့တာ၊ ရပ်သွားတယ်။ မီးတွေရှို့တယ်၊ ဆန္ဒပြတယ်ဆိုတော့ ကျွန်တော်တို့ဘက်က အသွားမလာမလုပ်ကြဘူး။ ဒီကနေ့တော့ ဆန္ဒပြတာမရှိတော့ဘူး။” လို့ နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း(တမူး-ကလေး-ကလေးဝ) အတွင်းရေးမှူး ဦးခင်မောင်တင်က ပြောပါတယ်။

ဆန္ဒပြတာဖြစ်ပွားခဲ့ပေမယ့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ဂိတ်ကို မြန်မာဘက်က မပိတ်ထားပေမဲ့ အန္ဒိယဘက်က ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။

“သူတို့နိုင်ငံထဲမှာတော့ ပြဿနာတော့ရှိတာပေါ့နော်။ ကျွန်တော်တို့ဘက်က ဘာမှမပိတ်ထားပါဘူး။ ကုန်စည်စီး ဆင်းမှုကလည်း အရမ်းကြီးတော့ နှောင့်နှေးသွားတာမရှိပါဘူး။ ပုံမှန်သွားနေပါတယ်။ ဒီဘက်မှာတော့ ပြဿနာ မရှိပါဘူး။”လို့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညွန်ကြားရေးမှူး ဦးမင်းမင်းကပြောပါတယ်။

အန္ဒိယနိုင်ငံ၊ မိုးရေးမြို့နယ်ထဲမှာတော့ ဒေသခံတွေဟာ ကားလမ်းတွေကို ပိတ်တာ၊ ကားတာယာတွေကို မီးရှို့ တာ၊ တုတ်၊ ဓားတွေကိုကိုင်ဆောင်ပြီးတော့ အုပ်စုလိုက်လမ်းမပေါ်မှာ သွားလာနေတာတွေကို တွေ့ခဲ့ရတယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။

အဲဒီနယ်စပ်ဂိတ်ကတစ်ဆင့် မြန်မာဘက်ကနေ အန္ဒိယနိုင်ငံဘက်ကို တင်ပို့တဲ့ကုန်ပစ္စည်းနည်းပြီး အဓိကအနေနဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ၊ ကွမ်းသီး၊ ပဲ၊ ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ ငါးအမျိုးမျိုးကို တင်ပို့ပေးနေပြီး အန္ဒိယဘက်ကနေ သွင်းကုန်မရှိသလောက်ဖြစ်တယ်လို့ သိရပါတယ်။

“မိုးရေးဘက်မှာ ဆန္ဒပြနေလို့ ကျွန်တော်တို့အနေနဲ့ လုံခြုံအနေနဲ့ ညတိုင်းပိတ်ဆို့ရှာဖွေရေးတွေလုပ်နေပါတယ်။ ကင်းပုန်းတွေဝပ်နေပါတယ်။ လှည့်ကင်းတွေဆောင်ရွက်နေပါတယ်။”လို့ တမူးမြို့မရဲစခန်းက တာဝန်ကျရဲတစ် ယောက်ကပြောပါတယ်။

အခုဘဏ္ဍာနှစ်မှာတော့ မြန်မာဘက်ကနေ အန္ဒိယကို အဲဒီနယ်စပ်ဂိတ်ကနေ ပို့ကုန်သန်း(၉၀)ဝန်းကျင် တင်ပို့ ထားပြီးဖြစ်လို့ လျာထားဘတ်ဂျက်ကိုကျော်လွန်ထားပြီလို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။