မောင်တောမှာ ကိုဗစ်ကာကွယ်ရေးအတွက် အသိုင်းအဝန်းနှစ်ခုပူးပေါင်းဆောင်ရွက်နေ

0
30
O Media
O Media

Photo : MRCS

ဇွန်(၁၂)ရက်၊ ၂၀၂၀။

ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ မောင်တောမြို့နယ်မှာ ကိုဗစ်ထိန်းချုပ်၊ ကာကွယ်နိုင်ဖို့ တိုင်းရင်းသားနဲ့မူဆလင်တွေပါတဲ့ နှစ်ဖက်အသိုင်းအဝန်းပူးပေါင်းပြီး ကိုဗစ်ကာကွယ်ရေးဆိုင်ရာ Call Center ဖွင့်လှစ်ထားတယ်လို့ တာဝန်ရှိသူဆီကသိရပါတယ်။

ဒီနေ့ဇွန်လ(၁၂)ရက်နေ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွေမှာ ဆောင်ရွက်နေသူတွေရဲ့ အွန်လိုင်းတွေ့ဆုံဆွေးနွေးမှုမှာ မောင်တောမြို့နယ်က ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးမှာ Social Cohesion(လူမှုအသိုင်းအဝန်းအပေါင်းစည်းရေး)ဆောင်ရွက်နေတဲ့ ဦးအောင်ကျော်မိုးက ပြောလိုက်တာဖြစ်ပါတယ်။

“တိုင်းရင်းသားတွေကိုတော့ သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားနဲ့ မူဆလင်ကျတော့လည်း သူတို့ဘာသာစကားနဲ့ပေါ့။ဖုန်းနဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကိုအသိပညာပေးတာ၊ သိချင်တာကိုပြန်ဖြေပေးတာ၊ လိုအပ်ရင် သက်ဆိုင်ရာဌာနတွေကို တင်ပြပြီးတော့ စုပေါင်းပြီးဆောင်ရွက်နေပါတယ်။”လို့ ဦးအောင်ကျော်မိုးကပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်အသိုင်းအဝန်းတွေပူးပေါင်းပြီးတော့ လက်သန့်ဆေးတွေထုတ်လုပ်ခဲ့ပြီး မောင်တောကလူစည်ကားတဲ့နေရာတွေ၊ ဈေးတွေ၊ မူဆလင်ကျေးရွာတွေ၊ တိုင်းရင်းသားကျေးရွာတွေမှာ အသုံးပြုပုံကိုသင်ပေးနေသလို အခမဲ့လည်းဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။

“မောင်တောဒေသမှာရှိတဲ့ ပြည်သူတွေက နည်းနည်းအသိပညာမပြည့်စုံတဲ့အခါမှာ လက်ဆေးနည်းကအစ သေချာလေးသင်ပေးပါတယ်။ကလေးတွေကို ဦးစားပေးပြီး သင်ပါတယ်။မောင်တောဒေသမှာ လက်ကို စနစ်တကျဆေးတတ်အောင် ကြိုးစားပြီးသင်ပေးနေပါတယ်။”လို့ ဦးအောင်ကျော်မိုးကပြောပါတယ်။

ဇွန်လ(၁၂)ရက်နေ့ နေ့လယ်ပိုင်းအထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေမောင်တောမြို့နယ်ထဲ ပြန်ဝင်လာသူ(၄)ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ထားပါတယ်။