မျိုးရိုးနိမ့်ဝက်သားပေါက်တင်သွင်းမှု ရပ်ဆိုင်းပေးဖို့ လွှတ်တော်မှာတောင်းဆို

0
232
O Media
O Media

PHOTO Credit to ZELS

နိုဝင်ဘာ(၂၂)ရက်၊ ၂၀၁၉။

အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ပြည်ပကနေ မျိုးရိုးနိမ့်ဝက်သားပေါက်တင်သွင်းမှုတွေကို ရပ်ဆိုင်းပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က လွှတ်တော်မှာ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာ(၂၂)ရက်နေ့ကျင်းပတဲ့ အမျိုးသားလွှတ်တောာ်အစည်းဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြည်ပနိုင်ငံတွေကနေ ပြည်တွင်းကို မျိုးရိုးနိမ့်ဝက်သားပေါက်တွေတင်သွင်းနေတာနဲ့ ပတ် သက်ပြီး မေးခွန်းမေးမြန်းပြီး အဲဒီလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။

“အာဖရိက ဝက်အပြင်းဖျားရောဂါတွေကြောင့် ဝက်တွေအများကြီးသေလို့ အိမ်နီးချင်းနိုင်ငံတွေက အပြင်းအထန် နှိမ်နင်းနေတဲ့အချိန် မြန်မာကဝက်ပေါက်တွေကို သိန်းကျော်အထိ တင်သွင်းနေတာတွေ့ရတယ်။ တရားဝင်ရော၊ တရားမဝင်ရော ပြည်တွင်းကိုထိခိုက်လာနိုင်တာကြောင့် တင်သွင်းတာကို ရပ်ဆိုင်းသင့်တယ်။”လို့ ဒေါက်တာဝင်း မြင့်က ပြောပါတယ်။

ပြည်တွင်းကို ဝက်သားပေါက်တင်သွင်းဖို့ တရားဝင်ခွင့်ပြုထားတာဟာ သတ်မှတ်စည်းကမ်းတွေနဲ့ကိုက်ညီတဲ့ ဝက်သားပေါက်တွေကိုဘဲ တင်သွင်းခွင့်ပြုတာဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဝက်သားပေါက်တင်သွင်းတာ မွေးကုဌာနထောက်ခံမှုနဲ့ လုပ်ဆောင်ပေးတာ။ ပြည်တွင်းကို ထိခိုက်မှုမရှိအောင် အသားတိုးဝက်က ခွင့်ပြုပေးထားတာမရှိဘူး။ ပြည်တွင်းမှာမလုံလောက်လို့ ပြည်ပကနေတင်သွင်းဖို့ ခွင့်ပြုထား တာရှိတယ်။ ဝက်အရှင်တင်သွင်းမှုဆိုင်ရာအစည်းဝေးကို သုံးလတစ်ခါလုပ်နေတာဖြစ်တယ်။ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်၊ ရောဂါကင်းရှင်းတယ်ဆိုမှ တင်ခွင့်ပြုတာဖြစ်တယ်။ တရားမဝင်တင်သွင်းတာတွေကိုတော့ စိစစ် ပြီး ဆက်လက်ဆောင်ရွက်သွားမယ်။”လို့ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောပါတယ်။

ပြည်ပကနေ ဝက်သားပေါက်တင်သွင်းခွင့်နဲ့ပတ်သက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အခုအချိန်အထိ ဝက် ကောင်ရေ (၁၂၀၀၀၀)ကို တရားဝင်တင်သွင်းခဲ့ပြီး ကုမ္ပဏီ(၂၇)ခုကို တရားဝင်တင်သွင်းဖို့ ခွင့်ပြုပေးထားတယ် လို့ သိရပါတယ်။

ပြည်တွင်းကို တရားမဝင် ဝက်သားပေါက်တင်သွင်းမှုတွေအပြင် ဝက်အကောင်ကြီးတွေကိုလည်း တင်သွင်းတာ တွေရှိနေပြီး အရေအတွက်အနေနဲ့များပြားတဲ့ပမဏာနဲ့ နေ့စဉ်ဝင်ရောက်နေတယ်လို့လည်း မြန်မာနိုင်ငံမွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်က ဒုတိယဥက္ကဌ ဒေါက်တာကျော်ထင်က ပြောပါတယ်။

“တရားမဝင်တင်သွင်းနေတာက နေ့တိုင်းလိုလိုကိုဖြစ်တာ ဝက်ကြီးတွေပါသွင်းနေတာ။ နေ့စဉ်ကိုဝင်နေတာ။ မွေးအဖွဲ့ချုပ်က ကိုယ်တိုင်ဖမ်းတာလုပ်ခဲ့တာရှိတယ်။ အရေးယူမှုက အားနည်းနေတာဖြစ်တယ်။”လို့ ဒေါက်တာ ကျော်ထင်က O Media ကို ပြောပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာတော့ ဝက်အပြင်းဖျားရောဂါကြောင့် တရုတ်နိုင်ငံမှာ ဝက်ကောင်ရေ(၁)သန်းကျော်သေဆုံးပြီး ဗီယက်နမ်နိုင်ငံမှာလည်း ဝက်ကောင်ရေး(၁.၂)သန်းကျော်သေဆုံးခဲ့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။