မြန်မာနိုင်ငံက ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေ နေရပ်ပြန်

0
38
O Media
O Media

Ref & Photo : Kyodo

ဖေဖော်ဝါရီ (၂၀) ရက်၊ ၂၀၂၁။

မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေစိတ်မချရတဲ့အတွက် မြန်မာနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေဟာ ဖေဖော်ဝါရီ (၁၉) ရက်နေ့က ရန်ကုန်မြို့ကနေ ဂျပန်နိုင်ငံကို ပြန်သွားခဲ့တယ်လို့ ကျိူဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အခုလိုနေရပ်ပြန်ဖို့အတွက် All Nippon Airways လိုင်းက မြန်မာနိုင်ငံကနေ ပထမဆုံးလေကြောင်း ခရီးစဉ်အဖြစ် ပျံသန်းပြေးဆွဲပေးခဲ့တာဖြစ်ပြီး တိုကျိုမြို့နားက နာရီတာလေဆိပ်ကို ထွက်ခွာခဲ့တာလို့ သိရပါတယ်။

ပြန်သွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်အလုပ်သမားတွေဟာ သူတို့ရဲ့ ဂျပန်နိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ ရုံးချုပ်အသီးသီးနဲ့ဆက်သွယ်ပြီး ဘေးကင်းလုံခြုံရေးအတွက် ပြန်သွားကြတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နှစ်အနည်းငယ်ဆက်နေပြီး စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းခဲ့လို့ လုပ်ငန်းလုပ်ကိုင်ဖို့ မရေရာတော့တာကြောင့် ပြန်ခဲ့ရတာလို့ မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အသက်လေးဆယ်အရွယ် ဂျပန်အမျိုးသားတစ်ယောက်က ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်တွဲအလုပ်လုပ်နေတဲ့သူတွေက အလုပ်ကိုလာကြရင်းနဲ့ ဆန္ဒတွေ ဝင်ပြနေတဲ့အတွက်လည်း သူတို့ကို ထားခဲ့ဖို့ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရတယ်လို့ ပြောပါတယ်။

အိမ်ခြံမြေလုပ်ငန်းလုပ်တဲ့ အသက် (၄၉) နှစ်အရွယ် ဂျပန်အမျိုးသား တစ်ယောက်ကတော့ မြန်မာနိုင်ငံကို အရောက်ပြန်လာဖို့ စိတ်ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

All Nippon Airways လေကြောင်းလိုင်းဟာ အရင်က နာရီတာလေဆိပ်နဲ့ မြန်မာနိုင်ငံကို နေ့စဉ်ပြေးဆွဲနေခဲ့ပေမယ့် ကိုဗစ်ကပ်ဆိုးကာလကစပြီး ခရီးစဉ်အရေအတွက် လျှော့ပြီးပြေးဆွဲခဲ့တာကနေ စစ်တပ်အာဏာသိမ်းပြီးမှာတော့ လေကြောင်းလိုင်းကို ပိတ်သိမ်းခဲ့ပါတယ်။