မြန်မာနိုင်ငံမှာ ခြောက်တန်းကစပြီး ဒီမိုကရေစီနဲ့လွှတ်တော်အကြောင်းစသင်မယ်

0
6744
O Media
O Media

ဒီဇင်ဘာ(၁၉)ရက်၊ ၂၀၁၉။

အခြေခံပညာ(၆)တန်းအဆင့်ကစပြီး ဒီမိုကရေစီစနစ်နဲ့ လွှတ်တော်ရဲ့အခန်းကဏ္ဍကို ပြဌာန်းသင်ကြားဖို့စီစဉ် နေတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၁၉)ရက်မှာကျင်းပတဲ့ ပြည်သူလွှတ်တော်အစည်းမှာ အခြေခံပညာအလယ်တန်း ဒါမှမဟုတ် အ ထက်တန်းအဆင့်မှာ ဒီမိုကရေစီစနစ်နဲ့ လွှတ်တော်အခန်းကဏ္ဍကို သင်ရိုးညွှန်တမ်းမှာ ထည့်သွင်းသင်ကြားဖို့ ကိုယ်စားလှယ်ဦးဇာနည်မင်းက မေးမြန်းခဲ့တာကို ဝန်ကြီးဦးဝင်းမော်ထွန်းကပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“အခြေခံပညာရေး (၆)တန်းရဲ့ စာရိတ္တနဲ့ ပြည်သူနီတိဘာသာရပ်အခန်း(၃)၊ စည်ကမ်းနဲ့ ဥပဒေအခန်းမှာ ဒီမို ကရေစီ စနစ်အကြောင်းကို ပြဌာန်းသင်ကြားဖို့ စီစဉ်ထားတယ်။ ဒီမိုရေစီအလေ့ကျင့်ကောင်းတွေလည်း ရလာမယ်။”လို့  ဦးဝင်းမော်ထွန်းက ဖြေကြားခဲ့တာပါ။

ဒါပေမဲ့ ဘယ်ပညာရေးနှစ်မှာ စတင်ထည့်သွင်းသင်ကြားသွားမယ်ဆိုတာကိုတော့ ဝန်ကြီးကထည့်သွင်းမပြောကြားခဲ့ပါဘူး။

ဒီမိုကရေစီစနစ်ရဲ့ အသွင်ကူးပြောင်းဖို့အရေးကြီးတဲ့အချက်ဟာ ပညာရေးစနစ်ဖြစ်တာကြောင့် ပညာသင် ကြားရေးအပိုင်းမှာ ထည့်သွင်းသင်ကြားဖို့အချက်ဟာ အရေးကြီးတယ်လို့ ကိုယ်စားလှယ်ဦးဇာနည်မင်းက ပြောပါတယ်။

“သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အခါ လက်တွေ့ဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေး နွေးတာတွေလုပ်ဖို့နဲ့ လွှတ်တော်ကအသံတွေ နားထောင်ဖို့လိုတယ်။”လို့ ဦးဇာနည်မင်းက ပြောပါတယ်။

ဒီမိုကရေစီကူးပြောင်းရေးကာလမှာ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဒီမိုကရေစနစ်လွှတ်တော်အကြောင်းတွေကို သေသေချာချာသိရှိဖို့လိုတာကြောင့် သင်ကြားရေးစနစ်မှာ ထည့်သွင်းသင်ကြားဖို့နဲ့ လူငယ်တွေနားလည် လက်ခံ နိုင်တဲ့ အတိုင်းအတာကနေ စတင်သင်ကြားဖို့လိုအပ်တယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။

“သင်ကိုသင်ပေးသင့်တယ်။ လူငယ်တွေရဲ့  လက်ခံနိုင်စွမ်းအတိုင်းအတာကနေစသင်မယ် ဒီလိုသင်မှလည်း လူငယ်တွေက ဒီမိုကရေစီစနစ်ကိုနားလည်မယ်။ တချိန်မှာ နိုင်ငံအတွက်တကယ်အကျိုးရှိမယ့် ကိုယ်စား လှယ်တွေကိုပဲ ရွေးချယ်လာနိုင်မယ်။”လို့ လွှတ်တော်လေ့လာစောင့်ကြည်ရေးလုပ်ကိုင်နေတဲ့ ပွင့်လင်းမြန်မာ ရှေ့ဆောင်(OMI)က အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအပြင် ပြည်ပနိုင်ငံတော်တော်များများမှာလည်း ဒီမိုကရေစီစနစ်အပြင် လူအခွင့်ရေးနဲ့ သက်ဆိုင်တာတွေကိုပါ အခြေခံပညာရေးကျောင်းတွေမှာ သင်ကြားနေမှုတွေရှိနေပြီး ဖြစ်တယ် လို့လည်း ဦးအေးကျော် ကပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ (၆)တန်းအဆင့်ပြီးတဲ့နောက် (၇)တန်း၊ (၈)တန်းနဲ့ (၉)တန်းအဆင့်တွေမှာလည်း နိုင်ငံသားကောင်းဖြစ်စေဖို့ လက်တွေ့လေ့ကျင့်သင်ကြားတာတွေ ဆန္ဒမဲပေးလက်တွေ့ကျင့်တာတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ လွှတ်တော်အခန်းကဏ္ဍကိုလည်း ထည့်သွင်းသင်ကြားမယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ သူငယ်တန်းတက်ရမယ့်အပြင် ပညာသင်ကာလ(၁၂)နှစ်ထိ တက်ရောက်သင်ကြားရမယ့် အခြေခံပညာရေးဥပဒေကို ဒီဇင်ဘာလ(၁၀)ရက်နေ့ ရက်စွဲ့နဲ့ သမ္မတ လက်မှတ်ရေးထိုးပြီး ပြဌာန်းထားပါတယ်။