မြိတ်မြို့က DVB သတင်းထောက်ကိုအောင်ကျော်ကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖမ်းဆီး

0
37
O Media
O Media

ဓာတ်ပုံ – ပစ်ခတ်သံကြားပြီး ကိုအောင်ကျော်အိမ်ရှေ့ဝရန်တာ၌ မီးခိုးများအား သူ live လွှင့်သည့် DVB live Video ၌ တွေ့ရစဉ်

မတ်လ(၁)ရက်၊ ၂၀၂၁။

ဒီနေ့မတ်လ(၁)ရက်နေ့ည (၁၁)နာရီကျော်မှာ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကို ရဲနဲ့စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားတယ်လို့ သူ့အမျိုးသမီးက O Media ကို ပြောပါတယ်။

လာဖမ်းတဲ့အချိန်မှာ ကား(၇)စီးလောက်ရှိပြီး အိမ်ပေါ်ကို တက်ဖမ်းတဲ့အချိန်မှာ အယောက်(၃၀)ဆယ်လောက် ရှိတယ်လို့ ဆိုပါတယ်။

လာဖမ်းတဲ့အချိန်မှာ အမျိုးသမီးဖြစ်သူက အိမ်နောက်ဖက်ကနေ အကူအညီတောင်းခဲ့ပြီး ပတ်ဝန်းကျင်က ပြောပြချက်အရ သေနတ်နဲ့ပစ်တယ်လို့ ဆိုပါတယ်။

ကိုအောင်ကျော်ရဲ့ DVB မှာ နောက်ဆုံး live လွှင့်ချက်အရ သူ့ခေါင်းကိုထိထားတယ်လို့ ပြောဆိုခဲ့သလို အိမ်ရှေ့ဝရန်တာလို့ ယူဆရတဲ့နေရာမှာ မီးခိုးတွေထွက်နေတာကို တွေ့ရပါတယ်။

လာဖမ်းသွားတဲ့အချိန်မှာ တွေ့ချင်လို့ လာခေါ်တယ်လို့ပဲပြောပြီး ဘာကိစ္စကြောင့်လဲဆိုတာကို မပြောဘူးလို့လည်း သူ့အမျိုးသမီးက ပြောပါတယ်။

“သူ့ကိုလာခေါပြီးသွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့စစ်သားတစ်ယောက်က ပြောတာကတော့ ဒီကောင် တော်တော်သတ္တိကောင်းတယ်တဲ့။ ဒီကောင့်ကို ဟိုပေါ့ ပြောတဲ့ပုံစံက ဒီကောင့်ကို သူလုပ်ချင်တယ်ပေါ့။ ဒီနေ့ သူ့ရဲ့မျက်နှာကို မအုပ်ဘဲနဲ့ သတင်းတင်ရဲတယ်ပေါ့။ ပြီးတော့ သူ့မျက်နှာကြီးလဲ ပါသွားတယ်လို့ ပြောတယ်။”လို့ ကိုအောင်ကျော်ရဲ့ အမျိုးသမီးက ပြောပါတယ်။

အခုအဖမ်းခံရတဲ့ ကိုအောင်ကျော်ဟာ သမီးတစ်ယောက်ဖခင်ဖြစ်ပြီး သူအဖမ်းခံရတဲ့အချိန်မှာတော့ ကလေးဖြစ်တဲ့ သမီးဖြစ်သူကအိမ်မှာရှိနေပြီး ကလေးဟာအိပ်ပျော်နေတဲ့အတွက် ဖခင်ဖြစ်သူအဖမ်းခံလိုက်ရတာကို မသိလိုက်ဘူးလို့လည်း သိရပါတယ်။