မွန်ပြည်သစ်ပါတီစခန်းနှစ်ခုကို KNU တိုက်ခိုက်

0
230
O Media, ဘုရားသုံးဆူ
O Media, ဘုရားသုံးဆူ

အောက်တိုဘာ(၁၇)ရက်၊ ၂၀၁၉။

မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်နားက  မွန်ပြည်သစ်ပါတီတပ်ခွဲရုံးနဲ့ ရေးမြို့နယ် မွန်ပြည်သစ် မရမ်းချောင်း အခြေစိုက်စခန်းတို့ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လာရောက်တိုက်ခိုက်တယ်လို့ သိရပါတယ်။

“မရမ်းချောင်းနားမှာဖြစ်တာ KNU လို့တော့ သိရတယ် ပြည်သူတွေ ထိခိုက်ကျဆုံးတာတော့မရှိပါဘူး အသေးစိတ်ကိုတော့ မသိရသေးဘူ” လို့ မွန်ပြည်သစ်ပါတီ၊ ဘုရားသုံးဆူမြို့နယ်ဥက္ကဌ နိုင်အာကာမွန်က O Media ကို ပြောပါတယ်။

မရမ်းချောင်းစခန်းပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပေမဲ့လည်း ဗလဲ့ဒွန်ဖိုက်နားက တိုက်ပွဲမှာတော့ မွန်ပြည်သစ်ပါတီက ဗိုလ်မှူးအဆင့်ရှိတဲ့ သူတစ်ယောက်ကျဆုံးခဲ့တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ KNU ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးထားတဲ့ KNU နဲ့ မွန်ပြည်သစ်ပါတီတို့ဟာ ဧပြီလ ၂၉ ရက်နေ့ကလည်း  ကြာအင်းဆိပ်ကြီးမြို့နယ်နားမှာ ပစ်ခတ်မှုတွေ
ဖြစ်ပွားခဲ့ဖူးပါတယ်။

KNU နဲ့ မွန်ပြည်သစ်ပါတီတို့ ဟာ အငြင်းပွားမှုကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့အဖွဲ့နှစ်ခုဖြစ်ပြီး ၂ဝ၁၆ တစ်ကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာပြီးတဲ့ ဒီနေ့အချိန်ထိတော့ (၁ဝ) ကြိမ်ထက်မနည်း နှစ်ဖက်ပစ်ခတ်မှု တွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

၁၉၈၈ ခုနှစ်တုန်းကလည်း KNU နဲ့ မွန်ပြည်သစ်ပါတီတို့ ဘုရားသုံးဆူမြို့နယ်မြေမှာ အငြင်းပွားမှုကြောင့် ရက်ပေါင်း ၂ဝ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။