မှတ်ပုံတင်ထားတဲ့ဆင်းကဒ်တွေ မှတ်ပုံပြန်တင်ရတော့မယ်

0
1345
O Media,Sim
O Media,Sim

ဒီဇင်ဘာ(၁၈)ရက်၊ ၂၀၁၉။

မြန်မာနိုင်ငံက ဆက်သွယ်ရေးအော်ပရေတာအားလုံးရဲ့ အချက်အလက်တွေကို စုစည်းထားနိုင်ဖို့ ကွန်ပေါင်း ဒေတာဘေ့(စ)စနစ်ကို အကောင်အထည်ဖော်နေတာကြောင့် မှတ်ပုံတင်ပြီးတဲ့ဆင်းကဒ်တွေနဲ့ မတင်ရသေးတဲ့ ဆင်းကဒ်အား လုံးမှတ်ပုံတင်ပြန်လုပ်ရတော့မယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့က သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၁၈)ရက်မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ရှင်း လင်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေကပြန်လည်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

“ID တစ်ခုထဲနဲ့ ဆင်းကဒ်ဘယ်လောက် မှတ်ပုံတင်ထားတယ်ဆိုတာကို စစ်ဆေးဖို့ခက်ခဲပါတယ်။ ID မှန်ကန် မှု ရှိ၊ မရှိစိစစ်ဖို့ ခက်ခဲတာကြောင့် ဘိုင်အိုမတ်ထရစ် အချက်အလက်တွေကိုအသုံးပြုပြီးတော့ ဆက်သွယ်ရေး အော်ပရေတာအားလုံးက အချက်အလက်တွေကိုစုစည်းထားနိုင်တဲ့ ကွန်ပေါင်းဒေတာဘေ့စ်စနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်နေပါတယ်။”လို့ ဦးမင်းဆွေက ပြောပါတယ်။

အဲဒီလိုဆောင်ရွက်တာဟာ အင်တာနက်နဲ့ချိတ်ဆက်တဲ့ ဆင်းကဒ်တွေကို ငွေတစ်ထောင်ကို(၅)ကဒ်နှုန်းနဲ့ လမ်းဘေးဈေးသည်တွေဆီမှာ လွယ်လွယ်ကူကူဝယ်ယူအသုံးပြုတာကို ကန့်သတ်နိုင်ဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီလို မှတ်ပုံပြန်တင်ရမှာ ဘယ်အချိန်လည်းဆိုတာကိုတော့ တိတိကျကျမရှင်းလင်းခဲ့ပါဘူး။

ဒါ့အပြင် ဆင်းကဒ်တွေရောင်းချတဲ့အခါ အစိုးရရဲ့ ညွှန်ကြားချက်တွေ လိုက်နာဆောင်ရွက်ဖို့ ဆက်သွယ်ရေး လုပ်ငန်းတွေက အရောင်းကိုယ်စားလှယ်တွေကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ထားဖို့နဲ့ လိုက်နာတာမရှိတဲ့ အရောင်းကိုယ်စားလှယ်တွေကိုစိစစ်တွေ့ရှိရင် သက်ဆိုင်ရာအော်ပရေတာတွေကို ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူသွားမယ်လို့လည်း သိရပါတယ်။

အဲဒီညွန်ကြားချက်နဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေကို သတိပေးတာနဲ့ ဒဏ်ကြေးငွေပေးဆောင်ခိုင်ပြီး အရေးယူဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဆင်းကဒ်ရောင်းချနေတာနဲ့ပတ်သက်ပြီး မှတ်ပုံတင်တစ်ခုနဲ့ အော်ပရေတာတစ်ခုကနေ အများဆုံး ဆင်းကဒ်(၂)ခုပဲ ဝယ်ယူမှတ်ပုံတင်ဖို့ အသိပေးနှိုးဆော်ချက်ကို မတ်လ(၂၃)ရက်က နိုင်ငံပိုင်သတင်းစာကနေ ထည့်သွင်းဖော်ပြခဲ့ပြီး လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာတွေကိုလည်း ညွန်ကြားထားပါသေးတယ်။