ရခိုင်ကဒုက္ခသည်တွေအတွက်(၁)အိမ်ထောင်ကို ဆပ်ပြာ(၁)တောင့်ထောက်ပံ့ပေးထားတယ်လို့ ဒုဝန်ကြီးပြော

0
44
O Media
O Media

Photo : REC

ဇူလိုင်(၁၅)ရက်၊ ၂၀၂၀။

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ်ဖို့ အိမ်ထောင်စုတစ်စုကို တစ်လဆပ်ပြာ(၁)တောင့်နှုန်း ထောက်ပံ့ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က ပြောပါတယ်။

ဒီနေ့ ဇူလိုင်(၁၅)ရက်နေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်ဦးမြင့်နိုင်ရဲ့ ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါကာကွယ်ရေးအစီအမံတွေ ဘယ်လိုစီမံဆောင်ရွက်ထားလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ဒုတိယဝန်ကြီးကပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“လက်ရှိထောက်ပံ့မှုအားလုံးဟာ ရခိုင်ပြည်နယ်တိုက်ပွဲရှောင်တွေအတွက် အကျုံးဝင်ပါတယ်။ တိုက်ပွဲရှောင်စခန်းမှာ ဆိုလို့ရှိရင် တစ်လမှာ အိမ်ထောင်စုတစ်စုကို ဆပ်ပြာတောင့်တစ်တောင့်နှုန်း နှစ်ခဲပေါ့ဗျ။ ဒါမျိုးကို ကျွန်တော်တို့ ထောက်ပံ့ပေးနေတာရှိပါတယ်။”လို့ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောပါတယ်။

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းတွေ စေတနာ့ဝန်ထမ်းတွေရဲ့ ညှိနှိုင်းပူးပေါင်းမှုနဲ့ လိုက်နာဖို့(၄)ရပ်ကိုလည်း အသိပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေဖို့၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ဖြည့်ဆည်းဆောင်ရွက်နေတာမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက တိုက်ပွဲရှောင်စခန်းတွေမှာ ဆေးခန်းဖွင့်လှစ်ကုသပေးတာ၊ စောင့်ကြပ်ကြည့်ရှုတာ၊ အသိပညာပေးတာ၊ လက်ဆေးဆပ်ပြာနဲ့ Mask တွေထောက်ပံ့တာကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဇူလိုင်လ(၁၁)ရက်အထိ စာရင်းတွေအရ IDP စခန်း(၁၈)ခုနဲ့ ယာယီဒုက္ခသည်စခန်း (၁၇၃)ခုမှာ အိမ်ထောင်စု(၄)သောင်းကျော်၊ လူဦးရေ(၂)သိန်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။