ရခိုင်ပြည်နယ်က အထက်တန်းကျောင်းအားလုံး ဒီနေ့ကစပြီးယာယီပိတ်

0
92
O Media
O Media

Photo : ရန်ကုန်မှ အထက်တန်းကျောင်းတစ်ခုအားမြင်ရစဉ်

ဩဂုတ်(၂၁)ရက်၊ ၂၀၂၀။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ပြည်တွင်းကိုဗစ်လူနာအရေအတွက်များလာတာကြောင့် ပြည်နယ်တစ်ခုလုံးကကျောင်းတွေကို ဒီနေ့သြဂုတ်လ(၂၁)ရက်စပြီး ယာယီပိတ်လိုက်ပြီလို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

အခုဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ကိုဗစ်ရောဂါကူးစက်မှုမရှိစေဖို့ စာသင်ကျောင်းတွေကို ယာယီပိတ်ထားဖို့နဲ့ နောက်ထပ်ဖွင့်မယ့် အခြေခံပညာအထက်တန်းအဆင့်တွေကိုလည်း ဆိုင်းငံ့ထားလိုက်တယ်လို့သိရပါတယ်။

“ဒီနေ့ကစပြီး ကျောင်းတွေ ယာယီပိတ်လိုက်တယ်။ ရခိုင်တစ်ပြည်နယ်လုံးကို ပိတ်လိုက်တယ်။ ညွှန်ကြားချက်ရမှဖွင့်မယ်။”လို့ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက O Media ကိုပြောပါတယ်။

ရခိုင်တစ်ပြည်နယ်လုံးမှာတော့ အထက်တန်းကျောင်းပေါင်း(၅၀၀)ဝန်းကျင်ရှိပြီး စစ်တွေမြို့နယ်ထဲမှာတော့ အထက်တန်းနဲ့ အထက်တန်းကျောင်းခွဲပေါင်း(၁၇)ကျောင်းဝန်းကျင်ရှိတယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးကသိရပါတယ်။

ဒါ့အပြင် Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်ကနေ ကုန်းလမ်းခရီးနဲ့ လာသူတွေကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ဝင်ပေါက်တွေမှာ Quarantine (၁၄)ရက်ထားပြီး ဓာတ်ခွဲနမူနာ(၂)ကြိမ် ရယူစစ်ဆေးသွားမှာဖြစ်ပါတယ်။

Stay at Home ကြေညာထားပြီးတဲ့နေ့ကစလို့ စစ်တွေကနေရန်ကုန်ကို လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါလာသူတွေအားလုံး Quarantine(၁၄)ရက်ဝင်ရမှာဖြစ်ပြီး ဓာတ်ခွဲနမူနာ(၂)ကြိမ်ယူပြီးစစ်ဆေးမှာဖြစ်တဲ့အပြင် ရောဂါပိုးမတွေ့ရင် Home Quarantine (၇)ရက်ထားသွားမယ်လို့ သိရပါတယ်။

နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်ထဲက ဌာနဆိုင်ရာလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ အရေးတကြီးရောက်လာတဲ့ နိုင်ငံခြားသားတွေရှိရင် ရခိုင်ပြည်နယ်မှာ(၂)လနေထိုင်ဖို့နဲ့ ပြန်ထွက်ခွါရင် (၁၄)ရက်ကွာရမ်တင်းနဲ့ ဓာတ်ခွဲနမူနာ(၂)ကြိမ်ယူစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့မြောက်ဦးမှာတော့ ဩဂုတ်လ(၁၆)ရက်ကနေ ဒီနေ့အထိ ပြည်တွင်းကူးစက်သူ(၁၉)ယောက်အထိရှိလာပြီ ဖြစ်ပါတယ်။