ရန်ကုန်က မီဒီယာကော်နာ(စာအုပ်ဆိုင်)တွေကို ဖျက်သိမ်းမယ်

0
744
O-Media-Media-Corner စာအုပ်ဆိုင်
O-Media-Media-Corner စာအုပ်ဆိုင်

အောက်တိုဘာလ(၃)ရက်၊ ၂၀၁၉။

ရန်ကုန်မြို့တွင်း (၅)မြို့နယ်က မီဒီယာကော်နာ(၁၀)ခုကို အောက်တိုဘာလ(၁၀)ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောလိုက်ပါတယ်။

အောက်တိုဘာလ(၃)ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကိုယ်စားလှယ် ဦးသော်တာအောင်ရဲ့ ရန်ကုန်မြို့လယ်လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတဲ့ မီဒီယာ ကော်နာတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနဲ့အညီ စီမံခန့်ခွဲပေးဖို့အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့တာကို မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်မှာ မော်တော်ကားစီးရေတိုးပွားလာသလို မီဒီယာကော်နာတွေဟာ ရန်ကုန်မြို့ရဲ့ပြယုဒ်ကို ပျက်စီးစေပြီး လူသွားလမ်းနဲ့ ယာဉ်ရပ်နားနေရာတွေမှာ ဆောက်လုပ်ထားတာကြောင့် ယာဉ်ပိတ်ဆို့မှု မဖြစ်စေဖို့နဲ့ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ဖယ်ရှားခိုင်းထားတာလို့ သိရပါတယ်။

“ဖယ်ရှားပေးဖို့ မှာ မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို မေတ္တာရပ်ခံတာမှာ မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဌက ရင်း နှီးမြုပ်နှံထားတဲ့ပစ္စည်းတွေ ထုခွဲရောင်းချဖို့နဲ့ ပြောင်းရွေ့ဖို့အချိန်ပေးသင့်တယ်လို့ မေတ္တာရပ်ခံတာကြောင့် ဝါတွင်းကာလပြီးဆုံးတဲ့အထိခွင့်ပြုတယ်လို့ အကြောင်းပြန်ကြားပေးခဲ့ပါတယ်။”လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ပြန်ကြားရေးဌာန၊ ဝန်ကြီးရုံး(နေပြည်တော်)က ၂၀၁၀ တုန်းက ကျောက်တံတားမြို့နယ်မှာ မီဒီယာကော်နာ (၂)ဆိုင်၊ ပန်းပဲတန်းမြို့နယ်မှာ မီဒီယာကော်နာ (၂)ဆိုင်၊ လသာမြို့နယ်မှာ မီဒီယာကော်နာ (၂)ဆိုင်၊ လမ်းမတော်မြို့ နယ်မှာ မီဒီယာကော်နာ (၂)ဆိုင်၊ ဗိုလ်တထောင်မြို့နယ်မှာ မီဒီယာကော်နာ (၃)ဆိုင်ကို မြန်မာနိုင်ငံစာရေးဆရာအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့ရဲ့ပြယုဒ်ကိုပျက်စီးစေတာကြောင့် မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ ဥက္ကဌဆီကို လိပ်မူပြီး ဆောက်လုပ်ခွင့်ပြုခဲ့တဲ့ ခွင့်ပြုချက်ကို ရုပ်သိမ်းခွင့်ပြုဖို့၊ ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းကြောင်းနဲ့ ဆောက်လုပ်ထားတဲ့ မီဒီယာကော်နာတွေကို ၂၀၁၉ခုနှစ် သြဂုတ်လ(၁၆)ရက်မှာ နောက်ဆုံးထားဖျက်သိမ်းပေးဖို့ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။

အဲဒီလို အကြောင်းကြားပေးပို့ခဲ့ပြီးဖြစ်ပေမယ့် လိုက်နာဆောင်ရွက်မှုမရှိတာကို စစ်ဆေးတွေ့ရှိခဲ့လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈)ခုနှစ်ပါ ဥပဒေပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဇူလိုင်လ(၂၃)မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့တာလို့ သိရပါတယ်။