ရန်ကုန်ထဲဖြန့်တဲ့ရေတွေကို ဆေးခတ်မှာဖြစ်လို့ နာရီပိုင်းခြားပြီးအသုံးပြုဖို့ စည်ပင်အကြံပြု

0
14200
O Media,လှော်ကား
O Media,လှော်ကား

ဒီဇင်ဘာ(၁၇)ရက်၊ ၂၀၁၉။

ရန်ကုန်မြို့ထဲကို ပေးဝေနေတဲ့ လှော်ကားရေလှောင်ကန်က သောက်သုံးရေကို ကလိုရင်းဆေးခတ်မှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ နာရီပိုင်းခြားပြီးမှအသုံးပြုဖို့ မြို့တော်စည်ပင်သာယာရေးကော်မတီက အကြံပြုလိုက်ပါတယ်။

အဲဒီလို ကလိုရင်းဆေးခတ်မယ့်အကြောင်းကို စည်ပင်က ဒီနေ့ ဒီဇင်ဘာ (၁၇)ရက်နေ့ထုတ် အစိုးရသတင်းစာမှာ ထုတ်ပြန်ထားပါတယ်။

“ဖြန့်ဝေပေးတဲ့ရေကများတော့ ကလိုရင်းဆေးကိုလည်း အများကြီးထည့်ရတယ်။ ဒါကြောင့်ကြေညာတာပါ။ အနည်းဆုံတော့ နာရီနည်းနည်းကြာပြီး ငြိမ်သွားတဲ့အချိန်မှ သုံးတော့ကောင်းတာပေါ့။ ခတ်ပြီးပြီးခြင်းသုံးတာ တော့မကောင်းဘူးပေါ့။ ဆေးအနံ့ရမှာစိုးလို့ သတိပေးတာပါ။”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေးနဲ့ ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့၊ ဥက္ကဋ္ဌ ဦးစိန်အုန်းက O Media ကိုပြောပါတယ်။

အဲဒီလုပ်ငန်းဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေသန့်ဌာနရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းတစ် ခုဖြစ်ပြီး အနည်းဆုံး(၆)လတစ်ကြိမ် ဆေးခတ်ပေးနေတာလို့ သိရပါတယ်။

ညောင်နှစ်ပင်မှာတော့ ပိုးသတ်စက်တပ်ဆင်ပြီးသွားပေမဲ့ လှော်ကားမှာမတပ်ဆင်ရသေးတာကြောင့် လှော်ကား ကဖြန့်ဝေတဲ့ရေတွေကို ကလိုရင်းဆေးခတ်မှာဖြစ်ပေမယ့် ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်ဆိုတာကို ပြန်ထုတ်ပြန် ကြေညာပေးသွားမယ်လို့ သိရပါတယ်။

“အဓိကတော့ ပိုးသတ်တာပေါ့။ သန့်ရှင်းတဲ့ရေ အသုံးပြုရတာပေါ့နော်။ ရေထဲမှာ အီဗိုလာပိုးတွေဘာတွေပါ တတ်တယ်လေ။ ကျွန်တော်တို့ (၈)မိုင်က ဟိုတယ်တစ်ခုမှာ ရေကိုဓာတ်ခွဲလိုက်တဲ့အခါကျတော့ အီဗိုလာပိုး တွေ့တယ်။ တခြားနေရာမှာတော့မရှိဘူး။ အဲဒီဟိုတယ်က ရေစုကန်မှာသွားတွေ့တယ်။ အမြန်ဆုံး ကလိုရင်း ခတ်ပိုးသတ်ခဲ့ရတယ်။ ဒါကြောင့် ကလိုရင်းဆေးခတ်တာဖြစ်ပါတယ်။”လို့ ဦးစိန်အုန်းက ပြောပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်သုံးရေဖြစ်စေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ညွှန်ကြား ချက်တွေအတိုင်း ရေသုံးစွဲသူတွေရဲ့ ကျန်းမာရေးကိုမထိခိုက်တဲ့ပမာဏနဲ့ ကလိုရင်းဆေးခတ်သန့်စင်တာလို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ကို အဓိကရေပေးဝေနေတဲ့ ရေလှောင်ကန်(၄)ခုရှိပြီး အဲဒီအထဲကမှ လှော်ကားကလွဲလို့ တခြား ကန်တွေကို ရောဂါပိုးကင်းစင်ဖို့ ကလိုရင်းဆေးအမြဲခတ်နေတာဖြစ်ပြီး ရန်ကုန်မြို့ကို နေ့စဉ်ရေဂါလံပေါင်း သန်း(၂၀၀)ပေးဝေနေတာလို့ သိရပါတယ်။

အဲဒီလှော်ကားကရေတွေဟာ ကုက္ကိုင်းမြို့နယ် ရေစုကန်ကိုရောက်ရှိပြီး ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ မြို့တွင်း (၆)မြို့နယ်၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ ဗဟန်း၊ တာမွေနေရာတချို့၊ မင်္ဂလာတောင်ညွန့်၊ ရေဝေး၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ ဒေါပုံ၊ သာကေတ၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ယုဇန၊ မြောက်ဒဂုံဆိပ်ကမ်း၊ တောင်ဥက္ကလာ၊ အင်းစိန်၊ သမိုင်း၊ လှိုင်၊ ရွှေပြည်သာ၊ ကမာရွတ်မြို့ နယ်တွေကို အဓိကဖြန့်ဝေတယ်လို့ သိရပါတယ်။

ကလိုရင်းဆေးခတ်တာကြောင့် ရေမှာပါဝင်တဲ့ ဗက်တီးရီးယားနဲ့ ဓာတုပစ္စည်းတွေဓာတ်ပြုသန့်စင်စေမှာဖြစ်ပြီး ကျန်းမာရေးကိုမထိခိုက်စေပဲ ရေသန့်အဖြစ်သုံးစွဲနိုင်မှာဖြစ်သလို အဲဒီသောက်သုံးရေမှာ ကလိုရင်းအနံ့ရ ရှိနေတာကြောင့် ပြည်သူတွေမစိုးရိမ်ကြဖို့လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန် ထားပါတယ်။

အဲဒီ ကလိုရင်းအနံ့ကို မနှစ်သက်ရင် တစ်ရက်တာ သိုလှောင်ထားတာ၊ မိနစ်အနည်းငယ်ကျိုချက်တာ၊ သံပရာ ရည်(ဒါမှမဟုတ်) ရှောက်ရည်အနည်းငယ်ရောထည့်ပြီး ဆေးအနံ့မပါအောင်ပြုလုပ်နိုင်တယ်လို့လည်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက အကြံပြုထားပါတယ်။