ရန်ကုန်နဲ့ တရုတ်နိုင်ငံကူမင်းမြို့ကို ပျံသန်းမှု မှတ်ပုံမတင်ထားတဲ့ လေယာဥ်ပြေးဆွဲမှုတွေရှိနေတယ်လို့ အိန္ဒိယသတင်းဌာနဖော်ပြ

0
36
O Media
O Media

Ref & Photo : ANI

မတ်လ (၁) ရက်၊ ၂၀၂၁။

ရန်ကုန်မြို့နဲ့ တရုတ်နိုင်ငံကူမင်းမြို့ကို လေကြောင်းပျံသန်းမှု မှတ်ပုံမတင်ထားတဲ့ လေယာဉ်ပြေးဆွဲမှုတွေ အဆက်မပြတ် ရှိနေတယ်လို့ အိန္ဒိယ သတင်းဌာန ANI က ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေစပြီး ညစဉ်ညတိုင်း လေယာဉ်ပြေးဆွဲမှုက အနည်းဆုံး ငါးကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ သြစတြေးလျ မဟာဗျူဟာမူဝါဒ အင်စတီကျု (ASPI) ရဲ့ လေ့လာတွေ့ရှိချက်ကို ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။

“တရုတ်နဲ့ မြန်မာအာဏာသိမ်းအစိုးရကတော့ ဒီလေယာဉ်တွေဟာ ပင်လယ်စာတင်ပို့မှုလုပ်ငန်းလုပ်တာလို့ ပြောထားပါတယ်။ ဒါပေမဲ့ မေးခွန်းထုတ်စရာတွေများနေတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရ တရုတ်နိုင်ငံက ဆိုက်ဘာကျွမ်းကျင်သူတွေကို ခေါ်ယူပြီး အင်တာနက်ထိန်းချုပ်တာတွေနဲ့ စစ်လက်နက်အင်အားဖြည့်တင်းတာတွေ ဖြစ်နိုင်တယ်။”လို့ ASPI ရဲ့ အရပ်ဘက်-စစ်ဘက် လေ့လာသူ ဆူဆန်ဟက်ချင်ဆန်က ပြောဆိုခဲ့ပါတယ်။

တစ်ညကို ရန်ကုန်နဲ့ ကူမင်းပျံသန်းတဲ့ လေယာဉ် ငါးစီးရှိပြီး လေကြောင်းခရီးစဉ် သုံးခုမှာ နှစ်ခုက မြန်မာ့လေကြောင်းလိုင်း လေယာဉ်အရောင်တွေဖြစ်ပြီး ကျန်တစ်စီးကတော့ အမှတ်တံဆိပ်မပါဘူးလို့ ဆိုပါတယ်။

အဲဒီ လေယာဉ်ပျံသန်းမှုတွေက သီးသန့် လေကြောင်းလိုင်းတွေဖြစ်နေသလို တရားဝင်အချက်ပြစနစ်ကို ပိတ်ပြီး မောင်းနှင်ခဲ့တာလို့လည်း ဆူဆန်ဟက်ချင်ဆန်က ထောက်ပြခဲ့ပါတယ်။

လေကြောင်းခရီးနဲ့ လက်နက်တင်ပို့မှုတွေမှာ ဆန္ဒပြနေတဲ့ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းမယ့် ခဲယမ်းမီးကျောက်တွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေ၊ အီလက်ထရောနစ်နှောက်ယှက်ရေး ပစ္စည်းတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ ပဉ္ဏမမြောက် လက်နက်တင်ပို့ရောင်းချမှု အကြီးမားဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ဟာ မြန်မာနိုင်ငံမှာ ပိုးလမ်းမဖောက်လုပ်ဖို့အတွက် မြန်မာစစ်တပ်ကို လက်နက်တွေ ဦးစားပေးတင်ပို့နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ လက်နက်တင်ပို့မှု အများဆုံး ထိပ်သီးသုံးနိုင်ငံထဲမှာ မြန်မာပါဝင်တယ်လို့လည်း (ASPI) က ထုတ်ပြန်ထားပါတယ်။

ကူမင်းမြို့ဟာ တရုတ်နိုင်ငံမှာ အမြောက်တပ်အခြေစိုက်တဲ့ အဓိကနယ်မြေဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ဒုံးကျည်တပ် People’s Liberation Army Rocket Force အခြေစိုက်ထားတဲ့ မြို့လည်းဖြစ်ပါတယ်။