ရန်ကုန်မြို့လယ်ခေါင်က ပျံကျဈေးကို (၃၈)လမ်းထဲနေရာချပေးမယ်

0
195
O Media, 38 လမ်း
O Media, 38 လမ်း

နိုဝင်ဘာ(၈)ရက်၊ ၂၀၁၉။

အနော်ရထာလမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က ပျံကျညဈေးသည်တွေကို စနစ်တကျရောင်းချနိုင်ဖို့ (၃၈)လမ်း ထဲ နေရာချထားပေးတော့မယ်လို့ ကျောက်တံတားမြို့နယ်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

အဲဒီလိုနေရာချထားပေးနိုင်ဖို့ ဈေးသူဈေးသားတွေနဲ့ ကျောက်တံတားမြို့နယ်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေဟာ နိုဝင်ဘာလ(၇)ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

“စည်းကမ်းတကျ၊ စနစ်တကျလေးနဲ့ ရောင်းစေချင်တဲ့ဆန္ဒပေါ့။ အဲဒီဟာလုပ်ဖို့ ညှိနှိုင်းဆွေးနွေးကြတာပေါ့။ အဓိ ကတော့ (၃၈)လမ်းမှာ မနက်ရောင်းတဲ့ဈေးသည်ရယ်၊ ဆိပ်ကမ်းသာလမ်းနဲ့ အနော်ရထားလမ်းမှာ ညနေပိုင်းရောင်း တဲ့ဈေးသည်တွေကို ပြောင်းရွေ့ပေးမှာဖြစ်ပါတယ်။ ၃၈ လမ်းထဲမှာ သတ်သတ်မှတ်မှတ်နဲ့ စနစ်တကျဆောင်ရွက်ဖို့ လုပ်ဆောင်ထားပါတယ်။” လို့ ကျောက်တံတားမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးသက်နောင်ဝင်းက O Media ကို ပြောပါတယ်။

အဲဒီပျံကျဈေးသူ၊ ဈေးသားတွေကို စနစ်တကျဈေးရောင်းချနိုင်ဖို့၊ ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းပေးနိုင်ဖို့နဲ့ပတ်ဝန်းကျင်သန့်ရှင်းမှုရှိအောင် (၃၈)လမ်းထဲမှာ ဈေးဆိုင်ခန်းတွေတည်ဆောက်ပေးပြီး စနစ်တကျပြောင်းရွေ့ ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပျံကျဈေးသည်တွေအတွက် ဆိပ်ကမ်းသာလမ်းက စည်ပင်သာယာရေးကော်မတီ(၉)ထပ်ရုံးအောက်မှာနေရာချထားပေးခဲ့ပေမဲ့ ဈေးဝယ်သူတွေမလာလို့ဆိုပြီး ဈေးသည်တွေက အနော်ရထာလမ်းနဲ့ ဆိပ်ကမ်းသာ လမ်းထောင့်ပေါ် ထွက်ရောင်းနေတာလို့ သိရပါတယ်။

“(၃၈)လမ်းထိပ်မှာ ဆိုင်ခန်းတွေနဲ့စနစ်တကျဆောက်ပေးပြီး ရောင်းချခွင့်ပေးမယ်လို့တော့ သိရတယ်။ ဆိပ်ကမ်း သာလမ်းက ကားအဝင်အထွက်များတယ်။ (၃၈)လမ်းက ကားအဝင်ကားအထွက်နည်းလို့ လမ်းရှင်းသွားအောင် ပြောင်းပေးတာ။ အခုလိုပြောင်းပေးတာလည်း အဆင်ပြေပါတယ်။”လို့ ပျံကျဈေးသည်တစ်ယောက်က ပြောပါ တယ်။

၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေမှာတော့ မြို့တော်နယ်နိမိတ်ထဲက လမ်းနဲ့ စင်္ကြံတွေပေါ်မှာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ညစ်ညမ်းစေတဲ့ ပစ္စည်း၊ စွန့်ပစ်ပစ္စည်းနဲ့ တစ်ခြားပစ္စည်းတွေကို စွန့်ပစ်တာ၊ ဖိတ်စင်စေတာတွေအတွက် ငွေဒဏ် ကျပ်(၁) သိန်းကနေ ကျပ် (၅) သိန်း အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြို့တော်နယ်နိမိတ်ထဲမှာ ကော်မတီက ခွင့်ပြုဖွင့်လှစ်ထားတဲ့ စျေးတွေကလွဲပြီး တစ်ခြားနေရာမှာ စျေးတည်ထောင် ဖွင့်လှစ်တာ၊ ရောင်းချတာတွေကိုလည်း ငွေဒဏ် ကျပ် (၁) သောင်းကနေ ကျပ် (၅) သောင်းအထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။