ဇန်နဝါရီ(၂၇)ရက်၊ ၂၀၂၁။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်မှာ ပိုးတွေ့လူနာသစ်အရေအတွက် အယောက်(၆၀)အောက်ကို နှစ်ရက်ဆက်တိုက်အထိ ကျဆင်းလာပါတယ်။
ကိုဗစ်ဒုတိယကပ်လှိုင်းထဲ တစ်ရက်ကို လူနာသစ်အယောက် (၁၀၀၀)ကျော်အထိ တွေ့ခဲ့တဲ့ ရန်ကုန်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့ကစလို့ လူနာသစ်တွေ့ရှိမှုဟာ တစ်နေ့ကို အယောက်(၁၀၀)အောက် စကျခဲ့ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီလ(၂၅)ရက်နေ့နဲ့ (၂၆) ရက်နေ့မှာတော့ အယောက်(၆၀) အောက်ကို နှစ်ရက်ဆက်တိုက် ကျဆင်းလာတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ (၂၆)ရက်နေ့အထိတော့ မြန်မာနိုင်ငံက ကိုဗစ်လူနာ တစ်သိန်းလေးသောင်းနီးပါးမှာ ရန်ကုန်က ကိုးသောင်းနီးပါးနဲ့ အများဆုံးဖြစ်နေပြီး မန္တလေးက နှစ်သောင်းနီးပါးနဲ့ ဒုတိယ အများဆုံးဖြစ်နေတာပါ။
ရန်ကုန်တိုင်းမှာတော့ ကိုကိုကျွန်းကလွဲပြီး ကျန်တဲ့မြို့နယ်တွေအားလုံးကို Stay Home သတ်မှတ်ထားပါတယ်။
ဒီနေ့မှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေကို အိန္ဒိယနိုင်ငံကလှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို စတင်ထိုးနှံပေးနေပါပြီ။