ရန်ကုန်၊ ရွှေပြည်သာမှာ ကင်းသမားတစ်ယောက် ခေါင်းကိုသေနတ်နဲ့အပစ်ခံရပြီးသေဆုံး၊ ကျည်ခွံသုံးခုတွေ့

0
20
O Media
O Media

Photo : Myint Myat Thu

ဖေဖော်ဝါရီ(၂၁)ရက်၊ ၂၀၂၁။

ရွှေပြည်သာမြို့နယ်၊ “တ” (၁၅)ရပ်ကွက်မှာ အခု ည(၁၂)နာရီဝန်းကျင်က လူတစ်ယောက် သေနတ်နဲ့ အပစ်ခံ့ခဲ့ရလို့ သေဆုံးသွားပြီး ကျည်ခွံသုံးခု ရှာတွေ့ထားတယ်လို့ ရွှေပြည်သာမြို့နယ် ပေးဆပ်ခြင်းနှလုံးသား ပရဟိတဥက္ကဋ္ဌ ဦးခင်စိုးက O Media ကို ပြောပါတယ်။

အခုအချိန်မှာ သူ့ကားနဲ့ သေဆုံးသူရဲ့အလောင်းကို ရွှေပြည်သာမြို့နယ်ဆေးရုံကို ပို့ဆောင်နေတယ်လို့ ပြောပါတယ်။

“ကင်းစောင့်တဲ့သူက အများကြီးရှိတယ်။ ဖြစ်စဉ်ကတော့ စစ်ကားတော့မဟုတ်ဘူး ရိုးရိုးကားလို့ပြောတယ်။ အဲဒါတော့ အများစကားပေါ့ဗျာ။ မျက်မြင်ကိုယ်တွေ့တော့ မဟုတ်ဘူး။ ကျွန်တော်က သေနတ်သံပဲကြားတာ။”လို့ ဦးခင်စိုးက ပြောပါတယ်။

သေဆုံးသူဟာ ညပိုင်းကင်းစောင့်နေတဲ့သူဖြစ်ပြီး ကင်းစောင့်တဲ့နေရာကနေ အပြင်ကိုထွက်သွားချိန် အပစ်ခံခဲ့ရတာလို့ သိရပါတယ်။

သေဆုံးသူနဲ့ ကားလမ်းမဟာ အနည်းဆုံးပေငါးဆယ်လောက်အကွာလောက်ရှိတယ်လို့လည်း သိရပါတယ်။

ဒီနေ့ ညပိုင်းပျံ့နှံ့နေတဲ့ Facebook Live တစ်ခုမှာ ပြောကြားချက်အရတော့ ရဲကားလို့ယူဆရတဲ့ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတာလို့လည်း ပြောဆိုထားကြပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ညနေပိုင်းမှာလည်း မန္တလေးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတာကြောင့် သေဆုံးသူ(၂)ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြား ရှိခဲ့ပါတယ်။