ရွှေမုဋ္ဌောဘုရား၊ ဘုရားကျောင်း(၈)ကျောင်းနဲ့ ဗလီ(၁၄)လုံးကို တိုင်းဧရာမှာ ပြန်ဖွင့်ခွင့်ပြု

0
21
O Media
O Media

Photo : Google Maps(Thet Lwin Oo)

ဇွန်(၁၃)ရက်၊ ၂၀၂၀။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က ရွှေမုဋ္ဌောစေတီတော်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း(၈)ကျောင်းနဲ့ ဗလီ(၁၄)လုံး ကို စည်းကမ်းနဲ့အညီ ပြန်ဖွင့်ခွင့်ပြုလိုက်ပြီလို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။

“တိုင်းကိုဗစ်ကော်မတီက စစ်ဆေးပြီးတော့ သတ်မှတ်ချက်တွေနဲ့ညီလို ဖွင့်ခွင့်ပေးလိုက်တာပါ။ဇွန်(၁၀)ရက်နေ့ ထဲကပါ။အခု ကျွန်တော်ကဖွင့်ခွင့်ပြုတဲ့အကြောင်း စာထုတ်ပေးတာပါ။” လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က O Media ကိုပြောပါတယ်။

ဖွင့်ခွင့်ပြုထားတာတွေကိုတော့ အာမခံထားတဲ့အတိုင်း ရောဂါစစ်ဆေးရေး၊ ကျန်းမာရေးစစ်ဆေးအချက်တွေနဲ့ အညီလုပ်ဆောင်ပြီးဖွင့်ရမယ် ဖြစ်တယ်လို့လည်း ဦးကျော်မြင့်ကပြောပါတယ်။

သတ်မှတ်စည်းကမ်းတွေကို မလိုက်နာရင်တော့ ပြန်ပိတ်သိမ်းမယ့်အကြောင်း သတိပေးထားတယ်လို့လည်း သိရပါတယ်။

“ဖွင့်မယ်ကြားထားတယ်၊ ရွှေမုဋ္ဌောစေတီတော်ကတော့ မနက်(၈)နာရီကနေ ညနေ(၄)နာရီအထိဖွင့်မှာပါ။တက်ရောက်ဖူးမျှော်ရာမှာ လိုက်နာရမယ့်စည်းကမ်းတွေကို မုဒ်ဦးလေးခုမှာ ကြေညာချက်ကပ်ထားပါတယ် “ လို့ ပုသိမ်မြို့ခံတစ်ယောက်ကပြောပါတယ်။

ခရီးသွားလုပ်ငန်း ပြန်အသက်ဝင်လာဖို့ ဖြေလျှော့မှုနောက်တစ်ဆင့်အဖြစ် ဘုရားတွေနဲ့ပြတိုက်တွေကို Social Distancing နဲ့ ပြန်ဖွင့်ခွင့်ပြုရင် ပြည်တွင်းခရီးသွားတွေ စတင်သွားလာကြပြီး ခရီးသွားလုပ်ငန်းတဖြည်းဖြည်း ပြန်အသက်ဝင်လာဖို့မျှော်လင့်တယ်လို့ ဇွန်လ(၁၁)ရက်နေ့တုန်းက ဟိုတယ်နဲ့ခရီးသွားလာရေး ပြည်ထာင်စုဝန်ကြီးက ပြောကြားထားပါသေးတယ်။