လက်ထိတ်ကိုင်ပြီးခြိမ်းခြောက်ငွေတောင်းတဲ့ မှုခင်းသတင်းထောက် (၂)ယောက်ကို ပုဒ်မ(၅)ခုနဲ့အမှုဖွင့်

0
191
O Media
O Media

Photo : Google Maps

ဇူလိုင်(၁၅)ရက်၊ ၂၀၂၀။

နေပြည်တော် တိုင်း(မ်)သတင်းထောက်အဖွဲ့ဝင်လို့ဆိုတဲ့ ပုဂ္ဂိုလ်(၂)ယောက်ဟာ လက်ထိတ်ကိုင်ပြီး ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်းခဲ့တဲ့အတွက် လာရှိုးမြို့မရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ တာဝန်ရှိသူတွေဆီကသိရပါတယ်။

“ကျွန်တော်တို့အခုတော့ သူတို့တွေကိုဖမ်းဆီးပြီးတော့ အမှုဖွင့်ထားပါတယ်။ သူတို့တွေက လက်ထိတ်တွေပြပြီးတော့ သူများဆီမှာ ပိုက်ဆံသွားတောင်းလို့ကျွန်တော်တို့ ဖမ်းဆီးပြီးအမှုဖွင့်ထားတာပါ” လို့ လာရှိုးမြို့ မရဲစခန်းမှူးမြင့်ကျော်က O Media ကို ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ မူးယစ်ဆေးဝါးသမားတွေကျင်လည်နေတဲ့ မြို့ရှောင်လမ်းဘေးမှာ ပြည်သူတွေကိုလက်ထိတ်တွေခတ်ပြီး ပိုက်ဆံတောင်းနေတဲ့အတွက် ဇူလိုင်လ(၁၄) ရက်ညပိုင်းက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

အဲဒီဖြစ်စဉ်ကို ပ-၃၄၅ ပုဒ်မ (၃၈၈၊ ၃၄၂၊ ၅၀၆၊ ၁၇၀၊ ၁၁၄) တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်တိုင်း(မ်) သတင်းဂျာနယ်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့တော့မရခဲ့ပါဘူး။