လူသေဆုံးမှုနဲ့ အထိအခိုက်များခဲ့တဲ့ မန္တလေးအကြမ်းဖက်နှိမ်နင်းမှု လက်ခံနိုင်စရာမရှိဟု စင်ကာပူပြော

0
20
O Media
O Media

Photo : AFP

ဖေဖော်ဝါရီ (၂၁) ရက်၊ ၂၀၂၁။

မန္တလေးမြို့ကမ်းနားလမ်းမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေစေနိုင်တဲ့ လက်နက်တွေသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ဖြစ်စဉ်က လက်ခံနိုင်စရာမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတာတွေက ခွင့်လွှတ်နိုင်စရာ လုပ်ရပ်မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“လက်နက်မရှိတဲ့ ပြည်သူတွေကို သေစေနိုင်တဲ့လက်နက်တွေနဲ့ အကြမ်းဖက်တာက ခွင့်လွှတ်လို့မရပါဘူး။ အခြေအနေတွေက ပိုမိုဆိုးရွားလာခဲ့ရင် မြန်မာနိုင်ငံနဲ့ဒေသတွင်းနိုင်ငံတွေအတွက် ပြင်းထန်ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာပါလိမ့်မယ်။ လက်ရှိတာဝန်ရှိသူတွေဟာ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုဖြစ်မှုတွေကို ရပ်တန့်အောင် လုပ်ကိုလုပ်ရပါမယ်။” လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှ်နန် က ထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဟာ လောက်လေးခွတွေ၊ ရော်ဘာကျည်တွေအပြင် တကယ့်ကျည်အစစ်တွေ၊ စနိုက်ပါတွေနဲ့ပါ အချက်သုံးရာကျော်လောက်အထိ ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ (၂၀) ကျော် ဒဏ်ရာရပြီး နှစ်ယောက် သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ဒီနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း (၅၇၀) ဝန်းကျင်ရှိနေပြီလို့ AAPP က သတင်းထုတ်ပြန်ထားပါတယ်။

Ref : Mothership Sg