လျှပ်စစ်ဖြန့်ဖြူးရေးမှာ ပျောက်ဆုံးယူနစ် သန်းတစ်ထောင်ကျော်ရှိခဲ့

0
123
Yangon Electricity

ဇူလိုင်လ(၃၀)ရက်၊ ၂၀၁၉။

ရေအားလျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အားကို တစ်နှစ်ထက်တစ်နှစ် ပိုတိုးထုတ်နေပေမဲ့ လိုအပ်ချက်ပမာဏကို မမီဘူးဖြစ်နေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။

“အစီစဉ်တကျပိုပြီးထုတ်လုပ်နေပါတယ်။ လျှပ်စစ်ဓာတ်အားတွေပိုပြီးထုတ်လုပ်နိုင်ပေမယ့် မီးပြတ်တောက်နေ တယ်ဆိုတာက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပမာဏထက် တိုးတက်ထုတ်လုပ်တဲ့ပမာဏက မမီလို့ဖြစ်ပါ တယ်။ တိုးတက်ထုတ်လုပ်မှုကို လျော့ကျသွားတယ်ဆိုတာမျိုးမဟုတ်ပါဘူး။”လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဇူလိုင်လ(၃၀)ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် နှစ်စဉ်ဓာတ်အားဖြန့်ဖြူးမှုမှာ ဓာတ်အားပျောက်ဆုံးမှုတွေ၊ ခိုးယူသုံးစွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(၆)လအပတ်(အောက်တိုဘာကနေ မတ်လအထိ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရဲ့ လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှုဟာ သန်း(၆၃၃.၈၅၉)ယူနစ်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှာတော့ သန်း(၄၀ ၂.၈၆ ၈)ယူနစ်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှာတော့ သန်း(၈၀.၉၂၄)ယူနစ် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်အားပျောက်ဆုံးမှုလျှော့ချဖို့အတွက် အရေးယူဆောင်ရွက်နိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ထားပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ စိစစ်ရေးအဖွဲ့တွေကို စေလွှတ်ပြီးတော့ ဓာတ်အားခိုးယူသုံးစွဲနေတာကိုလည်း စစ်ဆေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်တုန်းကမီတာခိုးယူသုံးစွဲတာကို မကာကွယ်နိုင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်၊ ဧပြီလကစပြီး System အသစ်နဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ မီးသုံးတဲ့သူတွေကို တပ်ဆင်ပေးနေတယ်လို့ သိရပါတယ်။

“အဲဒီစနစ်ကိုကျင့်သုံးတဲ့အတွက်ကြောင့် ဓာတ်အားခိုးယူသုံးစွဲလာရင် အဲဒီမီတာမှာ အချက်ပြသင်္ကေတတွေ ပေါ်လာမှာဖြစ်ပါတယ်။ မီတာရဲ့သတိပေးစနစ်မှာလည်း Alarm ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ခိုးယူသုံးစွဲသူ တွေကို ဖော်ထုတ်နိုင်ဖို့ နည်းပညာနဲ့ဆောင်ရွက်နေပါတယ်။”လို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲတာနဲ့ပတ်သက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လပတ်အတွင်းမှာ ဓာတ် အားခိုးယူသုံးစွဲမှု ၅၁၅ မှုကို ဖော်ထုတ်နိုင်ခဲ့တာကြောင့် လျော်ကြေး၊ နစ်နာကြေးအဖြစ် ကျပ်ငွေသန်းပေါင်း (၉၆၄.၆၅၄)သန်း ပြန်လည်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။