လွှတ်တော်တက် လက်ခုပ်တီးပြီးပြန်မလာဖို့ ဦးဉာဏ်ဝင်းသတိပေး

0
164
O Media,NLD,Hluttaw
O Media,NLD,Hluttaw

အောက်တိုဘာ(၂၅)ရက်၊ ၂၀၁၉။

လွှတ်တော်တက် လက်ခုပ်တီးပြီး ပြန်လာတယ်ဆိုတာမျိုးလုပ်လို့မရဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ဗဟိုအလုပ်မှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက သတိပေးလိုက်ပါတယ်။

“လွှတ်တော်မှာ အင်မတန်အရေးကြီးတဲ့ ဘတ်ဂျက်လိုကိစ္စမျိုးတွေ၊ ပြန်လည်ထူထောင်ရေးကိစ္စမျိုးတွေ၊ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကိစ္စရပ်မျိုးတွေ အများကြီးအရေးကြီးပါတယ်။”လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရန်ကုန်မြို့  Sky Star ဟိုတယ်မှာ အောက်တိုဘာလ(၂၄)ရက်ကပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့   ပါတီ၊ လွှတ်တော်၊ အစိုးရတို့ စုံညီတွေ့ဆုံပွဲမှာ ဦးဉာဏ်ဝင်းက အဲဒီလိုသတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်ရမယ့် ကိုယ်စားလှယ်လောင်း စာရင်းတွေကိုတော့ အခု ၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်နိုင်ဖို့ စီစဉ်ထားပြီး အရင်လူတွေ ပြန်ပါလာနိုင်မှာ မဟုတ်တော့ဘဲ တချို့တဝက်သာ ပြန်ပါလာမှာဖြစ်တယ်လို့  NLD ရဲ့ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က O Media ကိုပြီးခဲ့တဲ့ရက်ပိုင်းက ဖြေကြားထားပါတယ်။

ဒါ့အပြင် ပီပြင်တဲ့အစိုးရဖွဲ့စည်းနိုင်ဖို့ လွှတ်တော်မှာတာဝန်ရှိပြီး လွှတ်တော်က အားလုံးကိုညှိနှိုင်းရမှာဖြစ်သလို ကိုယ်စားလှယ်တွေက ပြည်သူအတွက်၊ ပါတီအတွက် ညှိနှိုင်းတဲ့အလုပ်ကို သေသေချာလုပ်ဖို့လိုတယ်လို့ ဦးညဏ်ဝင်းက ပြောပါတယ်။

“ဒါတွေနဲ့ ပတ်သက်ပြီး သဘောထားမတူတာတော့ ဘာမှမထူးဆန်းပါဘူး။ ကျွန်တော်တို့ရဲ့ မတစ်ထောင် သားတွေ၊ ပုထုဇဉ်သားတွေ ဘယ်တော့မှ တပြိုင်ထဲ ကွက်တိတူနေတာတော့ ရမှာမဟုတ်ဘူး။ အရေးကြီး တာက ပါဝင်လုပ်ကိုင်နေသူအားလုံးဟာ ဦးတည်ချက်မှန်ရမယ်။ ဦးတည်ချက်ဆိုတာ ပါတီကချက်မှတ်ပေး ထားတဲ့မူဝါဒ တွေပါ။”လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အဲဒီမူဝါဒတွေအတိုင်း အကောင်အထည်ဖော်ပြီး ကြိုးစားလုပ်ကိုင်မယ်ဆိုရင် မှန်ကန်တဲ့လမ်းစဉ်ဖြစ်မှာဖြစ်သလို အားလုံးအတွက်လည်းညီညွတ်ရေးရရှိလာမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

“တချိုကကြတော့ မှန်တာပြောရင် လက်မခံချင်ကြဘူး။ လွှတ်တော်ကမှန်တာပြောရင် အစိုးရက လက်ခံချင်မှ လက်ခံတာပေါ့။ တကယ်တန်းကျတော့ အောင်မြင်ဖို့အတွက် စည်းရုံးဖို့လိုတာပေါ့။ စည်းရုံးနိုင်ဖို့လည်း ကျွန်တော်တို့က တစ်ယောက်ရဲ့အပြစ်ကို တစ်ယောက်ကပြောပြီးတော့ အဖြေထွက်နိုင်အောင်လုပ်နေတယ်။”လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့ စစ်တမ်းတစ်ခုအရတော့ နိုင်ငံရေးအရယုံကြည်မှုမှာ NLD ပါတီက အများစုနေရာရထားတဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်ကို မယုံကြည်တဲ့သူက (၁၂)ရာခိုင်နှုန်းရှိပြီး၊ ယုံကြည်တဲ့သူက(၄၇)ရာခိုင်နှုန်းနဲ့ မသိတဲ့သူက(၃၈)ရာခိုင်နှုန်းအထိရှိနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်လွှတ်တော်တွေမှာတော့ မယုံကြည်တဲ့ သူက (၁၃)ရာခိုင်နှုန်း၊ ယုံကြည်တဲ့သူက(၄၆)ရာခိုင်နှုန်းနဲ့ မသိပါဆိုပြီးဖြေထားတဲ့သူက(၃၈)ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ ဆောင်ရွက်ချက်တွေမှာ (၂၅)ရာခိုင်နှုန်းဝန်းကျင်ကသာကောင်းပါတယ်လို့ ဖြေဆိုထားပြီး ကျန်တဲ့ ရာခိုင်နှုန်းတွေမှာတော့ မသိပါဆိုတဲ့ ရာခိုင်နှုန်းက(၄၅)ရာခိုင်နှုန်း ဝန်းကျင်၊ ကြားနေက(၂၀)ရာခိုင်နှုန်းဝန်းကျင်နဲ့ ညံ့တယ်လိုဖြေဆိုချက်ကတော့(၉)ရာခိုင်နှုန်းဝန်းကျင် ရှိနေပါတယ်။

အဲဒီစစ်တမ်းကိုတော့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)က မြို့နယ်(၂၃၃)ခု၊ ရပ်ကွက်နဲ့ ကျေးရွာပေါင်း (၅၁၁)ခုမှာ မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းမှုပေါင်း(၂၉၇၈)ခုကို ပြုလုပ်ခဲ့တာလို့ PACE ကဖော်ပြထားပါတယ်။

အခုအချိန်မှာတော့ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကိုပြုစုနေပြီး ရွေးကောက်ပွဲနေ့ကိုတော့ မကြေညာသေးပါဘူး။

NLD ရဲ့အစိုးရရဲ့ အတိုက်အခံအင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌဟာ နယ်ဆင်းပြီး အဖွဲ့ဝင်တွေနဲ့ ဆက်တိုက်တွေ့ဆုံနေသလို သူရဦးရွှေမန်းရဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီဟာ နေရာ(၃၀၀)နေရာကျော်မှာ ယှဉ်ပြိုင်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေဟာလည်း မဲဆန္ဒနယ်ခွဲဝေယှဉ်ပြိုင်ဖို့အတွက် သဘောတူထားကြပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD ဟာ တိုင်းရင်းသားဒေသတွေမှာ အခြေအနေမကောင်းနိုင်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။