ဝူဟန်ဂယက်ကြောင့် မြန်မာ့အထည်ချုပ်ကဏ္ဍရပ်တန့်တော့မှာလား

0
1472
O Media
O Media

Photo : MGMA

ဖေဖော်ဝါရီ(၁၆)ရက်၊ ၂၀၂၀။

ပြည်တွင်းက အထည်ချုပ်လုပ်ငန်း အားလုံးနီးပါးဟာ တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ကြမ်းတွေနဲ့ လည်ပတ်နေရတာပါ။

ဒါပေမဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကစခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်(COVID19) ကြောင့် တရုတ်ဘက်မှာ စက်ရုံတစ်ချို့ ယာယီရပ်နားထားကြပါတယ်။

အခုပြည်တွင်းမှာ လည်ပတ်နေတဲ့ အထည်ချုပ် စက်ရုံတွေမှာတော့ ဧပြီလကုန်လောက်အထိ ကုန်ကြမ်းတွေရှိနေသလို ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းပိုင်းလောက်အထိပဲ လည်ပတ်နိုင်တော့မယ့် စက်ရုံတွေလည်း ရှိနေကြပါတယ်။

ဒါကြောင့် တရုတ်ဘက်က ကုန်ကြမ်းတွေမတင်ပို့နိုင်ရင် လုပ်ငန်းရပ်ထားရမှာကို လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေစိတ်ပူနေကြပါတယ်။

“ပြည်တွင်းက အထည်ချုပ်စက်ရုံ တော်တော်များများ၊ ဒီတိုင်းပဲသွား၊ တစ်လအတွင်းတော့ ကိစ္စမရှိသေးဘူး။ ဒီလအတွင်းမှာ ကုန်ကြမ်းတွေ ရောက်လာရင်တော့ အဆင်ပြေသွားမယ်၊ ဒီလအတွင်းမှာ ရောက်မလားဘူးဆိုရင် ဆန်ရှင်ပိတ်တာထက် ပိုဆိုးသွားမယ်”လို့ အထည်ချုပ် လုပ်ငန်းလုပ်ကိုင်နေတဲ့ ရွှေလင်ပန်း စက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက O Media ကို ပြောပါတယ်။

ဒါကြောင့် ပို့ကုန်တန်ဖိုး ဒေါ်လာသန်း(၄၀၀၀)ကျော်ရှိနေတဲ့  အထည်ချုပ်ကဏ္ဍမှာ လည်ပတ်လုပ်ကိုင်နေတဲ့ စက်ရုံ(၅၀၀)ကျော်က လုပ်သား(၅)သိန်းကျော်အတွက် စိတ်ပူနေကြတာပါ။

“အချိန်ပိုဆိုရင်လည်းပဲ တစ်နေ့ကို နှစ်နာရီလုပ်တဲ့ရုံက တစ်နာရီလျှော့သွားတာမျိုးရှိတယ်၊ ပိတ်ရက်ဆိုရင်လည်းထုတ်လုပ်မှုပေါ်မူတည်ပြီးမှ ပိတ်ရက်ကို တစ်ပတ်မှာတစ်ရက်တော့ ပိတ်ကြတာပေါ့၊ ကျန်တဲ့ပိတ်ရက်တွေမှာအချိန်ပိုတွေနဲ့ တစ်ချို့ရုံတွေလည်း အလုပ်ကို လိုအပ်လာရင် အချိန်ပိုလုပ်ပြီးမှ ပိတ်ရမှာ အလုပ်လုပ်ရတာမျိုးတွေရှိတယ်၊ အဲဒါမျိုးတွေကလည်း မလုပ်ကြတော့ဘူးပေါ့၊ အခုပြီးခဲ့အပတ်ကိုပဲ ကြည့်လိုက်ရင် တနင်္ဂနွေ(၉)ရက်နေ့ကိုပိတ်တယ်၊ (၁၂)ရက်နေ့ကိုလည်း ပိတ်တယ်၊ အခု(၁၆)မှာလည်းပိတ်တယ်၊ တစ်ချို့ရုံဆို(၁၅)ရက်ပါပိတ်တယ်၊အဲဒါမျိုးတွေ ကြားနေရတာပေါ့နော်” လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က O Media ကို ပြောပါတယ်။

ဒါပေမဲ့လည်း တနင်္လာနေ့ ဖေဖော်ဝါရီ(၁၇)ရက်နေ့မှာ တရုတ်ဘက်က စက်ရုံတွေ ပြန်လည်ပတ်မယ် ဆိုတဲ့ သတင်းတွေကြားနေရတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

“တစ်ဖက်မှာလည်း ဘယ်လိုကြားလဲဆိုတော့ WHO ဘက်က အခြေအနေကနည်းနည်းထိန်းနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ကြားနေတယ်။ တကယ်လို့ထိန်းနိုင်ရင်ကောင်းတာပေါ့။ ပျံ့နှံ့မှုကလည်း ဒီလောက်ကြီး မဆိုး တော့ဘူးလို့ ကြားနေတာပေါ့၊ အမျိုးမျိုးပေါ့ တကယ်ခက်တော့ခက်တယ်၊ တကယ်လို့များအခုအချိန်မှာပြန်လည်ပတ်ရင်တော့ ကုန်ကြမ်းတွေပို့တဲ့အခါ စက်ရုံတွေအနေနဲ့ တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်လောက်တော့ကြားထဲမှာ Gap များဖြစ်မလားမသိဘူး(ဟ သွားမလားမသိဘူး)၊ လမ်းခုလတ်လာနေတဲ့ ကုန်ကြမ်းရုံတွေကတော့ နောက်တစ်လစာ ရရင်ရနေမှာပေါ့၊ ပြောရတာတကယ်မလွယ်ဘူး၊ တော်တော်မလွယ်ဘူး၊ ကိုယ့်မျက်စိနဲ့မြင်ရတာမဟုတ်ဘူးလေ အကြားနဲ့တင် ကြားနေရတာ” လို့ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍ ပို့ကုန်ဝင်ငွေဟာ ဥရောပသမဂ္ဂ(EU)ရဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး(GSP)  ရခဲ့တဲ့အချိန်ကစပြီး နှစ်စဉ်မြင့်တက်လာနေတာပါ။

၂၀၁၃ တုန်းက မြန်မာ့အထည်ချုပ်ပို့ကုန်ရငွေဟာ အမေရိကန်ဒေါ်လာ(၁.၂၄)ဘီလီယံကနေ ၂၀၁၈ မှာ(၄.၅)ဘီလီယံကျော်အထိ မြင့်တက်ခဲ့တာပါ။

ဒါ့အပြင်  ၂၀၁၉ ပထမခြောက်လပတ်မှာလည်း ၂၀၁၈ ကထက်စာရင် ၃၀ %လောက်အထိ မြင့်တက်လာတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

ဒါပေမဲ့လည်း အခုအချိန်မှာတော့ ကုန်သွယ်မှု အထူးအခွင့်အရေး ပေးထားတဲ့ မြန်မာ၊ ဘဂ်လားဒေ့ရှ်၊ ကမ္ဘောဒီယား(၃)နိုင်ငံမှာ ကမ္ဘောဒီယားကို GSP အထူးအခွင့်အရေး ပြန်ရုတ်သိမ်းကြောင်းကြေညာခဲ့ပြီးမြန်မာနိုင်ငံကိုတော့ ကဏ္ဍ(၁၀)ခုမှာ စောင့်ကြည့်သွားမယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် အခုလို အထည်ချုပ်ကဏ္ဍဟာ GSP အတွက် စောင့်ကြည့်ခံနေရတဲ့အချိန်မှာပဲ ဝူဟန်ဂယက်ကပါ ရိုက်ခတ်လာတာပါ။

ဒါပေမဲ့လည်း တရုတ်ဘက်က ကုန်ကြမ်းတွေဟာ အခုနှစ်အတွက် ထုတ်လုပ်ပြီးသားဖြစ်တာကြောင့်လမ်းကြောင်းတွေ ပြန်ပွင့်တာနဲ့ ချက်ခြင်းတင်ပို့နိုင်တဲ့အနေအထားဖြစ်တယ်လို့လည်း အထည်ချုပ်လုပ်ငန်းရှင်ဦးအေးသောင်းက ပြောပါတယ်။

“ကုန်ကြမ်းမရှိရင် ဘာနဲ့ထုတ်မလဲ၊ ထုတ်လို့မရဘူးလေ၊ ဒါပေမဲ့ ကျွန်တော်မစိုးရိမ်တာက ဒီကုန်ကြမ်းတွေကလာခါနီးဆဲဆဲလေးမှ စက်ရုံ၊ အလုပ်ရုံတွေပိတ်သွားလို့လား၊ တင်ဖို့ ပို့ဖို့ ခက်သွားတာပါ။ နောက်နှစ်ခါအတွက်ကအခုမှ ထုတ်ကြမှာလေ၊ ဒီနှစ်အတွက်က မနှစ်ကတည်းထုတ်ထားပြီးသားဆိုတော့ Ready ရှိထားပြီးသားတွေပါ။”လို့ ဦးအေးသောင်းက ပြောပါတယ်။

တရုတ်က ကုန်ကြမ်းတွေကိုတော့ ကုန်းကြောင်း၊ ရေကြောင်းနဲ့ မြန်မာနိုင်ငံကို တင်ပို့နေတာဖြစ်ပြီး ကုန်လမ်းကနေဆိုရင် ကြာချိန်တစ်ပတ်ဝန်းကျင်၊ ရေလမ်းကနေဆိုရင် နှစ်ပတ်ကနေ သုံးပတ်ဝန်းကျင်အထိကြာမြင့်တက်တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ကုန်ကြမ်းတွေပြတ်သွားခဲ့ရင်တောင် လမ်းကြောင်းတွေပြန်ပွင့်တာနဲ့ ကုန်းလမ်းကနေ ကုန်ကြမ်းတွေ ယူနေတဲ့ စက်ရုံ အလုပ်ရုံတွေအမြန်ဆုံးပြန်လည်ပတ်နိုင်မှာ ဖြစ်တယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ဒါ့အပြင် အခု အချိန်ပိုတွေ လျှော့လိုက်တယ်ဆိုတဲ့ စက်ရုံတွေဟာလည်း ကုန်ကြမ်းပြတ်လတ်နိုင်မယ့်အခြေအနေကိုတွက်ပြီး ကြိုတင်ပြင်ဆင်မှုကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတာလို့ သိရပါတယ်။

ဒေါ်ခိုင်ခိုင်နွယ်ကတော့ “ဒီအခြေအနေမှာ ကိုယ်သည် Second Option ရှာထားရမယ်၊ ဒီလိုဖြစ်ခဲ့ရင် ဘာလုပ်မလဲ၊ ကိုယ့်ရဲ့အလုပ်ရုံမှာဘာလုပ်မလဲ၊ ကိုယ့်ရဲ့အသင်းအဖွဲ့မှာ ဘာလုပ်မလဲ၊ အရေးကြီးဆုံးက အဲဒါပဲ၊ ကိုယ့်အချင်းချင်း မှာလည်းခိုင်မာတဲ့ သတင်းတွေကို ရှာပြီးဖလှယ်ကြဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

အခုအချိန်မှာတော့ ဝူဟန်ကစခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID19) ကြောင့် သေဆုံးသူ(၁၇၀၀)နီးပါး၊ ကူးစက်ခံရသူ(၇၀၀၀၀)နီးပါးရှိနေပါပြီ။

သတင်းထောက် – ပိုင်ထက်