သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးဥပဒေ၊ အတိုင်ပင်ခံကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့အမှုဖွင့်ထား

0
28
O Media
O Media

ဖေဖော်ဝါရီ(၃)ရက်၊ ၂၀၂၁။

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို နေပြည်တော်မှာ ချုပ်ရက်ရမန်(၁၄)ရက် ယူထားတယ်လို့ သေချာတဲ့သတင်းအရင်းအမြစ်က သိရတဲ့အကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးကြည်တိုးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့လည်း ချုပ်ရက်ရမန်တောင်းတဲ့ စာ(၂)ရွက်ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီစာရွက်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ(၈)နဲ့အမှုဖွင့်ထားပြီး သမ္မတဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၂၅) နဲ့ အမှုဖွင့်ထားတာလို့ ပါရှိပါတယ်။

အဲဒီစာရွက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ ကားကမ်ပိန်းမှာ မော်တော်ယာဉ် (၂၂၀)၊ ဆိုင်ကယ် (၃၂) စီး၊ လူဦးရေ (၇၆၀) ကို သမ္မတအိမ်တော် ဝင်ပေါက်ရှေ့မှာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ထုတ်ပြန်ထားတဲ့ ကိုဗစ်ညွှန်ကြားချက်တွေကို မလိုက်နာဘဲ နှုတ်ဆက်ခဲ့တာကြောင့် အမှုဖွင့်လိုက်တာလို့ ပါရှိပါတယ်။

ဒါ့အပြင် နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေချိန်မှာတော့ အနီးကပ်လုံခြုံရေး အဖွဲ့ဆီက စကားပြောစက်(၆)လုံး၊ ဂိတ်ကင်းကနေ စကားပြောစက်(၃)လုံး၊ ကိုယ်ရေးအရာရှိအဆောင်ကနေ စကားပြောစက်(၁)လုံး၊ Jumber တစ်စုံတို့ကို တွေ့ရှိတာကြောင့် အဲဒီဆက်သွယ်ရေးပစ္စည်းတွေကို သတင်းရဲတပ်ဖွဲ့ဆီ အပ်နှံခဲ့ပြီး ဆက်သွယ်ရေးပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုခဲ့တာကြောင့် အမှုဖွင့်ခဲ့တာလို့လည်း ပျံ့နှံ့နေတဲ့စာရွက်မှာ ပါရှိပါတယ်။

အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ဝင်တွေကို နေအိမ်မှာထိန်းသိမ်းထားပြီး နေ ပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုလည်း အိမ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။