သရပါဟိုတယ်က နစ်နာကြေးပေးပြီးအထုတ်ခံရတဲ့အလုပ်သမားတွေ အတိုင်ပင်ခံရုံးကိုစာပို့ထား

0
243
ပုဂံ
ပုဂံ

ဩဂုတ်လ(၂၈)ရက်၊ ၂၀၁၉။

ပုဂံ-သရပါ ဟိုတယ်မှာဖြစ်ပွားခဲ့တဲ့ အလုပ်ရှင်အလုပ်သမား ပြပဿနာတွေကို ဖြေရှင်းပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံးအပါအဝင်သက်ဆိုင်ရာတွေကို ပို့ထားပြီး အကြောင်းမထူးရင် လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ထုတ်ခံရတဲ့အလုပ်သမားတွေက ပြောလိုက်ပါတယ်။

တိုင်စာနဲ့ ပတ်သက်ပြီး ပြန်ဆက်သွယ်လာမယ့် အချိန်ကို(၂)ပါတ်တိတိ စောင့်ဆိုင်းသွားမှာဖြစ်ပြီး တုန်ပြန်မှုမရှိရင် campaign တွေနဲ့ တောင်းဆိုမှုတွေ ဆက်လက်လှုပ်ရှားသွားမယ်လို့ အလုပ်ထုတ်ပယ်ခံခဲ့ရတဲ့ အလုပ်သမား ခေါင်းဆောင် ကိုနေမျိုးဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ အလုပ်ပြန်မရမချင်း လှုပ်ရှားမှုတွေကို ဆက်ပြီးလှုပ်ရှားနေဦးမှာပဲ၊ ထိရောက်တာ မထိရောက်တာ နိုင်ငံတော်အကြီးအကဲတွေရဲ့ သုံးသပ်ချက်အပေါ်မှာ မူတည်တာပေါ့လေ၊ အလုပ် မရမခြင်း ကတော့ လှုပ်ရှားမှုပေါင်းစုံကို လုပ်သွားမှာပါ၊ အလုပ်သမားတွေအလုပ်ခွင်ထဲ ပြန်ဝင်ဖို့က အဓိကပါပဲ”  လို့ အလုပ်သမားခေါင်းဆောင်ကိုနေမျိုးဝင်းက ပြောပါတယ်။

၂၀၁၈ ခုနှစ်(၈)လပိုင်းက စီးပွားရေးကျဆင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အလုပ်သမား ၁၂ ယောက်ကို ထုတ်ပယ်ခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက အလုပ်ရှင်နဲ့ တွေ့ဆုံဖြေရှင်းပေးခဲ့ပေမယ့်လည်း ကျေနပ်မှုမရှိတဲ့အတွက် ဆက်လက်တောင်းဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။

ထုတ်ပယ်ခံခဲ့ရတဲ့အလုပ်သမားတွေက သပိတ်မှောက်ခဲ့တဲ့အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ(၁၉)နဲ့ အလုပ်သမား (၆)ယောက်ကို ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရပါတယ်။

ဟိုတည်ဘက်ကတော့ ပြီးခဲ့တဲ့နှစ်ဩဂုတ်လက ခရီးသွားလုပ်ငန်းကျသွားတဲ့အတွက် အလုပ်သမားတွေကို နစ်နာကြေးပေးပြီးအလုပ်ထုတ်ခဲ့တာလို့ ပြောပါတယ်။

“ဘယ်သူ့ထုတ်ထုတ် သုံးလစာမဟုတ်ဘူးဗျ လတစ်ဝက်စာကနေ (၁၃)လစာအထိပေးရတာဗျ။ ကျွန်တော်တို့က အဲလိုချေတာပေါ့နော်။ ကျွန်တော်တို့ လျှော့လိုက်တဲ့ ဝန်ထမ်းတွေမှာ ငါးနှစ်သမားလည်းရှိတယ်။ သုံးနှစ်သမား လည်းရှိတယ်။ ရှစ်နှစ်သမားလည်းရှိတယ်။ နှစ်အလိုက်လုပ်သက်နစ်နာကြေးတွေ ချေပေးတာပေါ့ဗျာ အားလုံးပေါင်း ကျွန်တော်တို့ သိန်းတစ်ရာပတ်ဝန်းကျင်လောက်ရှိတယ်ဗျ။ အကုန်ပေးလိုက်တယ်။ သူတို့ အကုန်ရပြီးသွားပါပြီ။” လို့ သရပါဟိုတယ်အလုပ်ရှင်ရဲ့ကိုယ်စားလှယ် ကိုမြင့်မြတ်ထူးထူးက O Media ကို ပြောပါတယ်။

သရပါဟိုတယ်က အလုပ်သမားတွေ ထုတ်ပယ်ခံခဲ့ရတဲ့ ကိစ္စဟာ တစ်နှစ်ပြည့်ခဲ့ပေမယ့် အလုပ်သမားတွေဘက်က မကျေနပ်သေးတဲ့အတွက် ဒီနေ့သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ Myanmar Press Freedom Center မှာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။